Monday, August 11, 2014

ဒီမြို့ ကို စိတ်ချထားလိုက်ပြီ သူငယ်ချင်း

"ဒီမြို့ ကို စိတ်ချထားလိုက်ပြီ သူငယ်ချင်း"

ဘာမှ ပူစရာ မလိုတော့အောင်
စိတ်ချထားလိုက်ပြီ

ငယ်သားတွေ ချနင်း
ငါဆရာကြီး အကျင့်မပျောက်သေးတာလွဲရင်
ဒီမြို့ကို စိတ်ချထားလိုက်ပြီ

အချင်းချင်းပခုံးချင်းယှဉ်တိုက်
နောက်ကျောကို ဓါးနဲ့ထိုးတတ်တဲ့ အကျင့်ကလွဲရင်
ဒီမြို့ကို စိတ်ချထားလိုက်ပြီ

တစ်ဇွတ်ထိုး သွေးဆူ
ဘာမသိညာမသိ သံယောင်လိုက်အော်တတ်တာလွဲရင်
ဒီမြို့ကို စိတ်ချထားလိုက်ပြီ

တစ်ဘက်အစွန်းရောက် အတွေး
သွေးနထင်ရောက် ဘဝင်မြင့်တတ်တဲ့အကျင့်ရှိတာ လွဲရင်
ဒီမြို့ကို စိတ်ချထားလိုက်ပြီ

ပရဟိတ အသင်းအဖွဲ့လေးတွေ စုလုပ်
အသင်းကြီးလာတာနဲ့အမျှ သွေးကွဲ အဖွဲ့ပျက်တာ လွဲရင်
ဒီမြို့ကို စိတ်ချထားလိုက်ပြီ

ရှေ့ကမသွား နောက်ကမလိုက်
ဖိနပ်တက်နင်းတတ်အကျင့် စွဲ လူကန့်လန့်တွေ ရှိတာက လွဲရင်
ဒီမြို့ကို စိတ်ချထားလိုက်ပြီ

တက်လာတဲ့မျိုးဆက်
ရောက်နေတဲ့ ခေတ်
ရှိနေတဲ့ သမိုင်း
အယောင်ဆောင် မျက်နှာဖုံး များက လွဲရင်
ဒီမြို့ကို စိတ်ချထားလိုက်ပြီ

ဒီမြို့ကြီး မားမားရပ်
သူ့ကျန်းမာရေးအတွက်
ငါ
___စိတ်
________ချ
____________ထား
_________________လိုက်
_______________________ပြီ

တကယ်
စိတ်ချထားလိုက်ပြီ
သူငယ်ချင်းရေ…………။

သိင်္ဂါလှိုင်(ကဗျာမြေသား)
31072014
20:55


Posted via Blogaway

No comments:

Post a Comment