Friday, May 13, 2016

ခက်တဲ့ သတ္တဝါ လူ

ခက်တဲ့ သတ္တဝါ လူ
__________________

မသိတာ ကို မသိသလို ဝန်မခံရဲတဲ့ စိတ်နဲ့
ပေါက်ပန်းလေးဆယ် စကားလုံးများ
ကာကွယ်ယူနေ

အရည်မရ အဖတ်မရ
ရန်ဆောင်နေသော အသံများက
ကိုက်ချင်နေတဲ့ ခွေးတစ်ကောင်လို

အမှောင် ဖမ်းစား လောက မှာ
လူ အမည် ဆိုရုံလေး
လူ လုပ်နေတဲ့ လူ

အိပ် စား ကာမ  သုံးပါးနဲ့
နေ့ / ည ဖြတ်သန်း
နွားနဲ့မခြား
သံသရာ လှည့်ပတ် 
ငရဲ ခန်းက ခဏ လွတ်တဲ့ သူ

ကမ္ဘာမြေလေး ခဏလေးနဲ့
ပျောက်ပျက်သွားမယ့် သူ
ဩော်...
ဗူးနွယ် လို လူ………။

သိင်္ဂါလှိုင်



Thaingar Hlaing

Thursday, May 12, 2016

ငါ့ သားအတွက် ငါကဓါးတစ်လက်

" ငါ့ သားအတွက် ငါကဓါးတစ်လက်"
------------------
လမ်းဘေးက ကောက်မွေး ပြီး
နာမည်ပေးခဲ့တဲ့
သားမဟုတ်ဘူး

ကိုယ်ရင်နဲ့လွယ် နှလုံးသွေနဲ့ ထုဆစ်
ငါကိုယ်တိုင်
ခေါင်းဆေးမင်္ဂလာပြု ခဲ့
ဖန်တီးခဲ့တဲ့ သားပါ

ကိုယ့်ထမင်းကိုယ်စား
မျှော်လက့်ချက်တွေနဲ့ မက်ခဲ့တဲ့ အိပ်မက်
ငါ့ သားကို ငါ
အကောင်းဆုံး တွေပဲ ဖြစ်ချင်တာ
ငါ့ ရဲ့ ရိုးသားတဲ့ အတ္တ ကွ

ကိုယ်မှန်ရင်ခေါင်းမရွေ့ပေမယ့်
လောက်ကျခဲ့တဲ့ အနာတော့
ရင်နာစရာ ကောင်းခဲ့တယ်

ချော့မြုတဲ့ တေးနဲ့
ငါ့သား ကို မာယာတွေကွန်တွေပစ်
လူညွှန့်တုန်းစေတဲ့ ဘဝ
မလုပ်ကြပါနဲ့

သူ့ဘဝနဲ့ သူ
လျှောက်နေတဲ့လမ်းမှာ
မင်းတို့ အတ္တနဲ့ ငါ့သား
လမ်းမှား ကို မဖြစ်စေချင်ဘူး

ဒါ သူ့ ကိုမွေးခဲ့ တဲ့ ဖအေတစ်ယောက်ရဲ့
တောင်းပန်သံ
မင်းတို့ နားမကန်းကြပါနဲ့
ဒီသားလေးတော့ ချမ်းသာပေးပါ……

ပြောလို့မှမရ ခဲ့ရင်တော့
ငါက
ငါ့ သားအတွက် ငါ့ဘဝ ကဓါးပဲ…။

သိင်္ဂါလှိုင်
14052014
20:23



Thaingar Hlaing

Tuesday, May 10, 2016

အပျော်မက်နေတဲ့ ငါတို့

"အပျော်မက်နေတဲ့ ငါတို့"
================
ပညာတတ်ဘူဇွာတွေရဲ့ ချဲ့ထွင်းလာတဲ့ ကျူးကျော်စစ်ဟာ
ကျဉ်တစ်တောင့်မှ မပစ်ဖောက်ကြဘူး
ရီလေ့ရို နေတဲ့ တို့တွေမှာသာ
ဆယ့်နှစ်လရာသီ ပျော်ရွှင်ပွဲတွေနဲ့
ဒီလိုနဲ့ ဆင်ခိုးမလေး က ပြနေတဲ့ ပွဲတော်နောက်မှာ
အဏာရူးတွေ ဇာတ်တူသားစားနေကြ
ကျဉ်တစ်ချက်မှ မဖောက်လိုက်ရဘဲ
ကိုလိုနီ နယ်မြေဖြစ်ခဲ့
သတိမရတာထက် အသိမရ ဖြစ်နေကြ တဲ့ ငါတို့
ဖြေသိမ့်တတ်လွန်း၊နေတတ်လွန်းနေ
ခြင်းကြားထဲ က ကြက်များလို ကိုယ့်အလှည့်ရောက်မှ
အသံထွက်လွန်းလှခဲ့တယ်
စိမ့်ဝင်းပျံ့နှံ့နေတဲ့ အနျူကလီယား ဓါတ်ငွေ့တွေ
ငါတို့ စားသောက်နေရ၊ငါတို့ ပျော်နေ
မသိခြင်းတွေနဲ့ သိနေတဲ့ အတွေးတွေနဲ့
နှုတ်ကလေးနဲ့ပဲ မေတ္တာတွေ ဝေမျှနေခဲ့ကြ
ဒေဝဒတ် အမျိုးတွေက ပညာတတ် သိပ်ဆန်နေတော့
အရာရာ သိမ်မွေ့နေတော့
ဒန်အိုးထဲ ရောက်နေတဲ့ဖားလို
အပူချိန်ဖြေးဖြေးလေးမြှင့်တင်ပေးခံလိုက်ရ
ခုန်ထွက်ရှောင်ရှားဖို့ မေ့နေ
ပညာတတ် ငမွဲတစ်ယောက် ရဲ့ အသိက
လူရာအသွင်းမခံရ တဲ့အဆုံး
တယောတစ်လက် တီးခတ်ရင်း
အားလုံးကို သဗ္ဗေသတ္တာကံမသကာ သဘောထား
ဝဋ်ကြွေး မကုန်သမျှ ငါတို့
ပေးဆပ်ကြယုံ ရှိတော့တယ်။

သိင်္ဂါလှိုင်
11052014
10:18



သိင်္ဂါလှိုင်

Sunday, May 8, 2016

စောင့်စားခြင်း

စောင့်စားခြင်း
=========
အချိန်တွေ လောင်နေတဲ့ နွေနေ့ခင်းထဲ
အစိုးရရဲ့ လျားထားချက်တွေလို မပြီနိုင်မစီးနိုင်
စောင့်မျှော်ခြင်းများ တစ်မေ့တစ်မော
ဘယ်ချိန် ဆိုက်ရောက်လာ မလည်းမသိတဲ့ အေးချမ်းမှု
လည်ပင်ရှည် စိတ်ကူးများ ငေးမောလို့
အော် ခေါ်နေတဲ့ အသံများ
ကိုယ့်ထံက ကျော်တက်သွားကြပေါ့
အဝယ်မှားတဲ့ လမ်းမှာ
ငါ
ကျောက်ချရပ်နေခဲ့ရတယ်။

သိင်္ဂါလှိုင်



သိင်္ဂါလှိုင်

Saturday, May 7, 2016

ငှက်ဖျားဖြစ်နေတဲ့ ပထဝီ

ငှက်ဖျားဖြစ်နေတဲ့ ပထဝီ
=============

ခြေမကိုင်မိလက်မကိုင်မိ တိမ်တွေ
စီးနေတဲ့ မြစ်ထဲ
ရက်တွက်မှားနေတဲ့ ဒုက္ခတွေ မျောနေတယ်။

ဘယ်မြို့မှ မရောက်တဲ့ သင်္ဘောလေး
ရှောင်လွဲလို့မရ
ကျောက်ချကမ်းလေး တစ်ဖြေးဖြေးဝါးမြိုတာကိုပဲ
ငေးကြည့်။

ူကြွက်ထောင်ချောက်တစ်ခုရဲ့ နေရာမှား
သက်ရောက်မှု့မှာ
တိုက်ရိုက်အချိုးကျ ခံလိုက်ရတဲ့ မြစ်
ရိုင်းချင်တိုင် ရိုင်းနေတယ်။

တကယ်တော့
ဥယျာဉ်တစ်ခုမှာ ပျံသန်းသွားတဲ့ လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်ခြင်းက
ဘာမှမသိလိုက်တဲ့ မျိုးစေ့တွေ အရွယ်မရောက်ခင်
သေဆုံးလို့။

သိင်္ဂါ လှိုင်



သိင်္ဂါလှိုင်

Monday, May 2, 2016

ဆက်သွယ်မှု့ ဧရိယာ ပြင်ပ အခြေနေ

"ဆက်သွယ်မှု့ဧရိယာ ပြင်ပ အခြေနေ "

သို့လော သို့လော အခြေနေနဲ့
ဘာတွေ ဖြစ်နေလဲ မသိတော့
စိုးရိမ်စိတ်တွေ ဒီဂရီ မြင့်ခဲ့ပေါ့

မသိတဲ့ အဝိဇ္ဇာ က
ကြောက်စရာကောင်းတာ
အခုတော့ ပို့သိခဲ့ရတယ်

အသံမကြား
ရုပ်မမြင်ရတော့
ပျောက်ဆုံးသွားတဲ့ လေယာဉ်ပျံကြီး လို
ဘာတွေ ဖြစ်လို့ ဘယ်ကို ရောက်သွားလဲ အတွေးနဲ့
သွေးစုနာ ပေါက်နေသူ တစ်ယောက် ဘဝမျိုး
ထိုင်မရ ထမရ
ငါ့ စိတ်တွေ
ဆေးပျက်သူ တစ်ယောက်လို ဖြစ်နေ

တကယ်ဆို
အမှန်တွေ ချပြသင့်နေပါပြီ

ဂယ်လိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးမှာ
ကမ္ဘာဟာ ရွာကြီးတစ်ရွာ ဖြစ်နေပေမယ့်
ငါ တို့မှာတော့
အသူရာ ချောက်ခြားနေသေးတယ်

ဆက်သွယ်မှု့ တွေ
ဘယ်ချိန် ထိ ဧရိယာ ပြင်ပ ဖြစ်နေအုံးမှာလဲ
အချိန် နဲ့ မျှ ပြောင်းလည်နေတဲ့ ခေတ်မှာ
အရာရာ ဖြစ်နိုင်စွမ်း ရှိလို့ပါ

စိုးရိမ်းနေတဲ့ စိတ်
ပင်ပမ်း လွန်းလှလို့
အဖြေ အတိအကျတော့ပြောပေးပါ
ကောင်မလေး……။

သိင်္ဂါလှိုင်
03052014
18:40



သိင်္ဂါလှိုင်