Thursday, April 28, 2016

ညဆိုး

"ညဆိုး"
=====
အလင်းတုတွေ ယိမ်းထိုးနေလိုက်တာ
ငါ တစ်ယောက် မတ်တပ် ရပ်နေခဲ့
ဒါကိုပဲ လာရစ်နွယ်လို့………

မာရ်နတ်ရဲ့သွေးဆောင်ခြင်းမှာ
မာယာတွေ ခင်းကျင်းလို့
လောက
အသက်ရှုမှုသွေးခွဲနေတဲ့ 
ည………

ညဟာ
သွေးဆာနေတဲ့ မျက်ဝန်းများနဲ့
ဝံပုလွေတွေ တောကစား အချိန်
လက်ပံပင်ဖတ်ထားရတဲ့ ဘဝများ
အသက်မဲ့ရယ်သံတွေနဲ့
ဒီလမ်းပေါ် တသဲ့သဲ့ တီးတိုးနေလို့………

အိမ်မမြင် မျက်နှာများ
ရင်နာအတွေးတွေ ခေါက်သိမ်း
ဇာတ်သိမ်းခံ ကယ်တင်ခြင်းအတွက်
မိသားစု ဆိုတဲ့ စကားနဲ့ မြှင့်တင်
တွင်းနက်ထဲခုန်ဆင်း ကြ
ဒီလိုနဲ့
ဘဝတွေလျစ်လျူရှု ခံရ…………

လူသေကောင် မျက်နှာနဲ့ သွေးကျနေတဲ့ လ
မြေခွေးတွေ အူနေတဲ့ ညမှာ
ထိတ်လန့် ခြင်းများ ကြီးစိုးလို့
မှော်ဆန်တဲ့ အပြောင်းအလည်းများ
ဒဏ်ခတ်ခံခဲ့တယ်…………။   

သိင်္ဂါလှိုင်
ကဗျာအဟောင်းလေး  ပြန်ပြင်ထားတာပါ ……။



သိင်္ဂါလှိုင်

Wednesday, April 27, 2016

နိယာမ

နိယာမ
-----

ပြဌာန်းခံလိုက်ရတဲ့ စည်းချက်
နာယူယုံရှိတဲ့ ဘဝ
ဘာများ စောဒက တတ်နိုင်အုံးမှာလဲ

ပျော့တွဲ အိကျလာတဲ့ နာရီတွေအကြောင်း
ဒါလီဟာ ပြောပြခဲ့သလို
မွန့်ခ်ျ ဟာ အော်သံတွေကို ခင်းကျင်းပြသခဲ့တယ်

တေးဘုမ္မာသီးချင်းလို
ငါတို့ ခေတ်မှ ပေါ်လာတဲ့ တေးသစ်မဟုတ်ဘူး
ဒါ
ခေတ်အဆက်ဆက် မရိုးနိုင်တဲ့ တေးသွားပဲ
တကယ်တော့ လောကဟာ
ဆေးသကြား ထည့်ထားတဲ့ မုန့်တစ်ခု
ချိုမြိန်ခြင်းနောက်မှာ ရောဂါဟာ ကပ်ပါလာခဲ့တယ်

သိင်္ဂါလှိုင်
28042015
16:40



သိင်္ဂါလှိုင်

Thursday, April 21, 2016

ဘုရာသခင် ထံမှာပဲ အေးချမ်းရမယ့် ဘဝတွေ ဖြစ်နေကြပြီလား

"ဘုရာသခင် ထံမှာပဲ အေးချမ်းရမယ့် ဘဝတွေ ဖြစ်နေကြပြီလား"

စူးမြနေတဲ့ အလင်းတို့
ငါ မျက်လုံး
ထိုးစိုက်နေကြတယ်

ခန္ဓာကို တစ်ခုလုံးကိုလဲ
သူတို့ ဝါးမြို ၊
အလင်းက အလင်းကို သတ်
လောက ကြယ်တွေ ချွေချခဲ့
ရာသီ

အဝါရောင် ခပ်ပြင်းပြင်းများ
ပတ်ဖြန်းထားပေါ့

ခန္ဓာကိုယ်အရေပြားမှ မျက်ရည်တွေ
ယိုစီးကျနေတဲ့ နေ့
ပူလောင်နေတယ် ဆို အော်ပြောနေရတာကို
ဖက်ရှင် တစ်ခုလို ဖြစ်ခဲ့

သောက ဆိုတဲ့ အပူကို
အပူကအပူကို ဟာသပြု
တနေ့သွားရမယ့် ခရီးအတူတူ ဖြစ်ပေမဲ့
စိမ်းလန်းခြင်း အရွက်တွေ မဝေခင်
ဒီကြယ်တွေ ကြွေကြွေ ကျ

စေတန်ရဲ့ သားရိုင်းတွေ ဝမ်းသာစေတဲ့
ခဏ တာမှာ
ငါတို့ ဘဝ တွေ လဲ ကြွေကျပြမှ
ဒီရာသီမှာ
အေးချမ်းရတော့မလား

ဒီအရပ်နဲ့ ဒီဇာတ်က
ဒီလို ကြွေမှ
ဒီဘဝ
ဒီလိုပဲ အေးချမ်းသွားပြီလို့ ဖြေဆည်ရမှာလား

ရွက်သစ်တွေ အညွှန်မထွက်ခင်
ဒီငရဲ လောင်းကောင်
အာဏာဆူးတွေက
ရေသောက်မြစ်တွေ ကိုက်ဖြတ်နေကြ

ဘဝတွေ
ကန္တာရ ဖြစ်လို့
ငါတို့တွေ
ပင်လယ်ပျောက်တဲ့ မြစ်အဖြစ်
သဲပူတွေထဲမှာ ပဲ ဆုံးရှုံး
သေခြာပြီ
ငါတို့ မျိုးဆက် အသစ်များ
ဆက်ချကြွေးရတော့မယ်……။

သိင်္ဂါလှိုင်
22042014
14:18



သိင်္ဂါလှိုင်

အိမ်အပြန်

"အိမ်အပြန် "
=======
ဌာနေပျံ သန်းတဲ့
ငှက်တစ်ကောင် ရင်ခွင်ဟာ
ကြေကွဲခြင်းတွေနဲ့
ချစ်ခြင်းတရား ပေါက်ဖွားလာတဲ့
အလွမ်းတရား
ပျံသန်းသူ တောင်ပံတစ်ဖက်
ကျိုးကျခဲ့ရတယ်
ကံတရားရဲ့ ဌာနေပြန်တေးဟာ
မချို မြိန်ခဲ့ပါဘူး ချစ်သူ
တစ်ဖန် ပြန်တွေ့ဖို့
ဒီတစ်ကြိမ် ပြန်ခွဲခဲ့ရပြီ……။

သိင်္ဂါလှိုင်
22042014
08:55



သိင်္ဂါလှိုင်

Sunday, April 17, 2016

အချစ်ရဲ့ ဆွဲခေါ်ရာ ကခုန်နေတဲ့ နှလုံးသား

"အချစ်ရဲ့ ဆွဲခေါ်ရာ ကခုန်နေတဲ့ နှလုံးသား"

သတိရခြင်းများ
နှလုံးအိမ် မှာ ရွာသွန်းဖြိုးနေကြတော့
ငါဟာ ချစ်ခြင်းတရားကိုတီးခတ်ရင်း
သတိရခြင်းထဲ အလွမ်းတေးကို သီနေမိခဲ့…။

မင်းထံ ပျံသန်းလာမဲ့
ငါ့လိပ်ပြာကို စောင့်ကြိုပေးပါ
စံပယ်ရနံ့တွေ သယ်ဆောင်လို့
အရောက် လာခဲ့ပါမယ်……။

အပူရောင် ပြင်းပြင်းတွေ
ဘယ်လောက် ရှင်သန်နေပါစေ
မင်းဟာ
ငါ့ရဲ့ အိုအေစစ် လေး ပါ……။

ချစ်ခြင်းတရားရဲ့ မြင့်မြတ်မှု့မှာ
အလွမ်းကို ယဇ်ပူဇော်ရင်းနဲ့
နုပျိုလာတဲ့ ရင်ခုန်ခြင်းတွေမှာ
မင်းလေး မေတ္တာတရားနဲ့အတူ ရှင်သန်နေခဲ့တာပါ……။

မင်း အပြုံးတွေကိုမြင်တွေ့ဖို့
ငါ့ အသက်ကို စပေါ်တင်ခဲ့
ချစ်ခြင်းတရား စစ်စစ်မှာ
အရှုံးအမြတ်ဆိုတာ ထည့်မတွက်
ငါ့ ဘဝ တစ်ခုလုံးကို ပုံထည့်လို့ ……။

မင်း…ဆီကြိုး အပြုံးနဲ့
ရင်ခုန်သံစည်းချက်
ငါ……
ရိတ်သိမ်းဖို့ အရောက်လာခဲ့ ပြီ
ကောင်မလေး……။

သိင်္ဂါလှိုင်
18042014
16:05



သိင်္ဂါလှိုင်


အမျှမျှော်ရှာဖွေသူ

အမျှမျှော်ရှာဖွေသူ

ကဗျာ အတွေးပျောက်နေတဲ့ နှလုံးသား
စာအုပ်ပုံကြားမှာ အမျှဝေနေမိခဲ့တယ်
ဘာမှချရေးလို့မရတဲ့ ခံစားချက်က
မစိုသလောက် မိုးမိလိုက်တဲ့ မြေလို
အလွမ်းတွေ သာနိုးထစေခဲ့ပေါ့
ချစ်ခြင်းတရားရဲ့ ဝေးကွာချိန်
မြင်မြင်သမျှ ဆွံ့အ နေခဲ့ရ
ဒီလိုနဲ့
နာကျင်စရာ ခံစားချက်တွေ မြိုသိပ်ရင်း
ရှင်သန်ထမြှောက်လာမယ့် အချိန်ကိုစောင့်
စာအုပ်တွေက အမျှဝေသံကို နားစွင့်
သာဓုခေါ်ဖို့ စောင့်နေခဲ့တယ်
ကဗျာ ကို ကဗျာအဖြစ် ပြန်လည်မွေးဖွားနိုင်ပါစေ။

သိင်္ဂါ လှိုင်
17042015
20:42


Friday, April 8, 2016

နေပူပူထဲ

နေပူပူထဲ
=====

ကိုယ်တိုင် နေပူပူထဲ ရပ်
အရိပ်တွေ ဝေပေးနေတဲ့ သစ်ပင်
ယုတ်လတ်မြတ်မရွေး အားလုံးကို ကြမ်းတပြေးထဲ ထားလို့

စွန့်လွတ်ခြင်းကို အစွမ်းကုန်ဖူးပွင့်ပြနေတယ်။

ရာဇဝင်ခေတ်အဆက်ဆက်
သစ်ပင်ဆိုတာ
အသီးသီး အရိပ်ဝေပေးတာ
သူတို့မျိုးရိုး အစဉ်အဆက်ရဲ့ ပုံရိပ် တစ်ခု။

လ္ဘက်ရည်ဆိုင်ထိပ်က သစ်ပင်ကို ငေးကြည့်
အတွေးတစ်စ ငေးမောတုန်း

ခင်ဗျား သစ်ပင်တွေလောက် အကျိုးပြုသလား
အရူးတစ်ယောက်က မေးတယ်။
အဖြေမပေးနိုင်သေးခင်
ခင်ဗျား သစ်ပင်တွေလောက် ရိုးသားသလား
ထပ်ဆင့် မေးတယ်။
ကျုပ်ကတော့ သစ်ပင်တွေ လိုမလုပ်နိုင်လို့
ရူးသွပ်ခြင်းမှာ ရိုးသားနေတယ်
ပြောချင်ရာပြော မေးချင်ရာမေးပြီး
နေပူထဲ ပြေးထွက်သွားတယ်။

ကိုယ့်မှာသာ သစ်ပင်ကို ငေးကြည့်
အမေးတွေ ကို တွေးကြည့်
နေပူပူထဲ အဖြေမဲ့လို့

နောက်ဆုံး
အရူးပြေးထွက်သွားတဲ့ လမ်းထဲ
ပြေးလိုက်သွားတော့တယ်။

သိင်္ဂါ လှိုင်


Saturday, April 2, 2016

လောင်မီးကျသူ

လောင်မီးကျသူ
============

စိတ်ပျက်ဖွယ်အသံတွေ အမြဲသံချောင်းခေါက်
မီးသတ်ကားတွေ ရေမပါဘဲ ဖြတ်မောင်းသွားကြတယ်။

လူတွေလမ်းဘက်ထွက်ငေးလို့
အားလုံးက ကင်မရာတဖျတ်ဖျတ်နဲ့။

ရသကိုးပါးမှာ လိပ်ပြာသန့်ခဲ့ရဲ့လား အမေးမှာ
ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိတဲ့ ယောဂီဟာ အသံတိတ်လို့
မီးကအတွင်းထဲမှာလောင်နေတယ်။

လူတွေ ဘယ်သူမှ မမြင်လိုက်ဘူး။

သိင်္ဂါလှိုင်
02042016
19:22


Friday, April 1, 2016

ဝင်ကစွပ်

ဝင်ကစွပ်
=========

သင်းခွေချပ် ခေါ်သံ
ပဲ့တင်ထပ်နေတာကို အမှန်ထင် လူရာဝင်ချင်သောစိတ်တို့
ခန္ဓာအငှားနဲ့ တောက်ပနေတယ်။

ရိုးသားခြင်းက အလှတစ်ခုဆိုတာ အသေချာမသိတော့
လုပ်မိလုပ်ရာလုပ် ဆီသုတ်လိမ်း မျက်နှာများ ကိုယ့်ကြိုးကွင်းကိုယ်စွပ်ဖို့
ကြိုးကျစ်နေကြပေါ့။

အိုးရွဲ့နဲ့ စလောင်းရွဲ့ ဖုံးတာက  အဆင်သင့်တုန်း ခဏ
အပုပ်နံကို လုံအောင် မထားနိုင်ဘူးလေ။

ခင်ဗျားမှာ မရှိတာ ငှားဝတ်ထားတာ
ကျွန်တော် မသိပေမဲ့
ခင်ဗျား သိတယ်။

သိင်္ဂါ လှိုင်
01042016
22:05