ဖျားနေရတာလည်း လွမ်းနေလို့ပါ ပန်း ကလေး
အေးချမ်းလွန်း နှင်းမှုံဖွေးဖွေးတို့
လွှမ်းခြုံထားတဲ့ ရာသီ
လွမ်းစိတ်နဲ့ လျှောက်ခဲ့မိတဲ့ လမ်းကလေး
ခိုက်ခိုက်တုန်တုန်လို့ပေါ့။
မြစ်မင်း အိပ် ကမ်းနံဘေးလမ်း
လရောင်တွေ လှုပ်ခါနေတဲ့ လှိုင်းကလေး
အဝေးက ငေးလို့
ညချမ်းလေး အတူလျှောက်ခဲ့တာ သတိရ
ပန်းကလေးရေ
ခုတော့ ဆောင်းက နှိပ်စက်လှတယ်။
ကိုယ်တိုင် မစောင့်ရှောက်နိုင်လို့
ကိုယ်စားလွှတ်လိုက်တဲ့ စောင်ကလေး
အနွေးဓါတ်ပေးလည်း
ရင်ခွင်က ချမ်းလို့ နေဆဲပဲ။
အဖော်ဝေးတဲ့ အလွမ်းက
ချမ်းအေးတာတွေ မေ့
ဥပက္ခော စိတ်တွေနဲ့ သတိမေ့ပေမယ့်
ခန္ဓာကိုယ်က အအေးပတ်နေခဲ့ရပြီး
ဒီတော့
ဖျားသွေးတက် ခံလိုက်ရတဲ့ အလွမ်း
ဝေးကွာခြင်းရဲ့ ဒဏ်ရာ
အလွမ်းက ဖျားခြင်းကိုပါ မွေးမြူနေတာ
တွေ့လိုက်ရတယ် ပန်းကလေး။
သိင်္ဂါ လှိုင်
14122015
15:34
Tuesday, December 13, 2016
ဖျားနေရတာလည်း လွမ်းနေလို့ပါ ပန်းကလေး
Thursday, December 1, 2016
အင်းဝ တံတားဦး၊တံတားဦး အင်းဝ
အင်းဝ တံတားဦး၊တံတားဦး အင်းဝ
============================
ရာဇဝင် အထပ်ထပ်
သမိုင်းအသားတက် လင်းလက်နေတဲ့
ဧရာဝတီမြစ်နံဘေးက ဂန္တဝင်တွင် ဆေးသားနဲ့
ထီးနန်း ရှိခဲ့တဲ့ မြို့လေး။
အမည်နာမ နှစ်မျိုးကွဲပေမယ့်
အမျိုးချစ်စိတ်က
တစ်စိတ်ထဲ တစ်ဝမ်းထဲ တစ်သံထဲ။
ဒီမြို့လေးက။
" သခင်မျိုးဟေ့ ဒို့ဗမာ " ဆိုတာသိအောင် ဟစ်ကြွေး
ကိုလိုနီကျွန်အောက်ကရုန်းထွက်နိုင်ဖို့
ရဲရဲတောက်
စိတ်နဲ့သခင်တစ်ယောက်မွေးထုတ်ခဲ့တယ်။
အဲဒါ
ဗဟိန်း
သခင်ဗဟိန်း ပေါ့။
ရာစုနှစ် တိုင်ခဲ့ပေမယ့်
သူ့ စကား
သူ့ သဘောထားက
" မြင်းခွာ တစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေ့မယ် " ဆိုတဲ့
ကြုံးဝါးစကားသံမှာတင် ပွင့်လင်းမြင်သာလို့။
( နယ်ချဲ့ အင်္ဂလိပ်တွေ ကြောက်ရွံ့စေခဲ့သော
စကားလည်း ဖြစ်ခဲ့တယ်။)
ဒီလို သမိုင်းနဲ့
လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ မြို့လေး။
ခု
ဒီမြို့လေးက
နှစ်ဆယ်ရာစု ရဲ့ကြယ် တစ်ပွင့်ဖြစ်
သခင်ဗဟိန်းဆိုတဲ့ ရဲရဲတောက်ကြယ်တစ်ပွင့်
ချိတ်ဆွဲရင်း
သမိုင်းအသစ်စာမျက်နှာမှာ ပြုံးပျော်နေတယ်။
သိင်္ဂါ လှိုင်
01122016
15:13
Saturday, October 8, 2016
မျှော်လင့်မိသော နေ့ရက်များ
မျှော်လင့်နေမိသော နေ့ရက်များ
----------------------------------
အချစ်သည် အဝေးမှာ နေထိုင်လို့
အလွမ်းသည် ကိုယ့်မြို့မှာ သည်းနေခဲ့တယ်။
အဝေးက ပို့သော မေတ္တာတေးကို နားဆင်ရင်း
ဂီတသံတို့ တီးခတ်နေတဲ့ အာရုံပစ္စည်းများ
ချစ်သူနှစ်ဦးကို ပိုမိုခံစားစေခဲ့အောင်
ဝါးကူထိုး ပေးနေကြတယ်။
အချစ်စစ်တို့ မတွေ့သောသူများသာ
မနာလို ဝန်တိုစိတ်နဲ့
အားကျခြင်းတစ်ဝက် ကရုဏာသက်ခြင်းတစ်ဝက်
ဖြစ်နေကြပြီ။
ဖြူစင်ခြင်းသက်သက် ပေးဆပ်ခြင်းမေ့နေခဲ့သော
အချစ်ဟာ မမြဲတာကို
သူတို့
မမြင်ခဲ့ကြဘူး။
နှစ်လို ဖွယ်အပြုံးနဲ့ လောကရဲ့ ဝဋ်တွေဖြည့်ရင်းသာ
ကိုယ်တို့နှစ်ဦးရဲ့ ချစ်ခြင်းကမွေးဖွားသော အလွမ်းကို
တယုတယ ပြုစုရင်း
အတူနေနေ့ရက်တို့ကို မျှော်လင့်နေခဲ့တယ်။
သိင်္ဂါလှိုင်
09102015
10:51
Thursday, October 6, 2016
ကြိုးရှုပ်နေသူ
ကြိုးရှုပ်နေသူ
=================================
နေရင်း ထိုင်ရင်း
ပြဿနာက
အပေါက်ရှာ နေတဲ့ ဆီ။
အရည်မရ အဖတ်မရ အလိုမကျမှုများ
တစ်ယောက်ထဲ
စိတ်ကစိတ်နဲ့ရန်တွေဖြစ်လို့
ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်နေ…။
သိင်္ဂါလှိုင်
Sunday, October 2, 2016
သော့ခတ်ခံလိုက်ရသော ဖိနပ်တရံ
သော့ခတ်ခံလိုက်ရသော ဖိနပ်တရံ
==========================
သွားမယ့်သူ
လျှောက်လှမ်းမယ့် သူကို
တုပ်နှောင်းထားတယ်။
ခွဲမရတဲ့ ဆန့်ကျင့်ဘက်
အရာ
တစ်စုံဟာ ပူတွဲလို့
မတည့်အတူနေစကားကို သရုပ်ဖော်။
ယင်နဲ့ယမ် ၊
ဓါတ်ဖို ဓါတ်မ တို့ တွဲဆက်ပေါင်းမှ
တစ်စုံလို အတူတွဲ
အတူသွားကြတဲ့ ဆန့်ကျင်ဖက်
နှစ်ခု
သွားမယ့် ခရီးကို ချုပ်နှောင်ဖွဲ့ခံလိုက်ရတယ်။
ကြီးမားလေးလံသော သောကဝဋ်မုန်တိုင်း နှောင်ဖွဲ့ဖမ်းစည်းခြင်းခံလိုက်ရသော ဆန့်ကျင့်ဘက်တစ်စုံ
မြင်ကွင်းသေမှာပဲ ရပ်တန့်နေခဲ့ရတယ်။
သိင်္ဂါ လှိုင်
01102016
Tuesday, September 27, 2016
ခရီးသွားရတာ မပျော်မိဘူး
ခရီးသွားရတာ မပျော်မိဘူး
===================
ငါ သွားရတဲ့
ဒီခရီးက လွမ်းခြင်းတွေပဲ ပြည့်သိပ်နေတော့တယ်
မင်းဆီလာတုန်းကလို
ငါ မပျော်ရွှင် ရင်မခုန်ရ
သတိရခြင်းများသာ
လေကြောင်းလမ်းကျ သစ်ပင်လို ရမ်းခါနေလို့
ငါ့စိတ်တွေ ကိုယ်နဲ့အစေးမကပ်ကြဘူး
တကယ်ဆို
ပထမမြန်မာနိုင်ငံ တည်ထောင်ရာ မြို့
သမိုင်းအမွေ အပြည့် တည်ရှိတဲ့ မြို့
မြန်မာပြည်ရဲ့ ပထမကျောက်စာ ရှိရာမြို့
ဘုရာဗျာဒိတ်တော်ရ ဖြစ်ပေါ်လာတဲ့မြို့
လှည်းဝန်ရိုးသံ တညံညံ ဆိုစကားနဲ့ စေတီအရေအတွက်နဲ့
မှတ်သားထားရတဲ့မြို့
ကမ္ဘာမှာ မြန်မာလို့ အသိမှတ်ဖြစ်ခဲ့ရတဲ့ မြို့
ဒီလို ပြည့်စုံတဲ့မြို့ ကို သွားရတာ ကိုယ်
ငါ့မှာ မပျော်
မင်းဆီလာတဲ့ ခရီးလောက်
စွဲဆောင်နိုင်ခြင်း မရှိတဲ့ အဖြစ်နဲ့
တာဝန်ခရီး ဖြစ်နေခဲ့တယ်
မင်းမပါတဲ့ ခရီး
ငါ
အထီးကျန် ပျံသန်းခြင်းသာဖြစ်နေခဲ့ပေါ့…။
သိင်္ဂါလှိုင်
28092014
09:00
Friday, August 26, 2016
ဒီကဗျာဟာ သင်နဲ့ ပဌာန်း ဆက် ရှိတယ်
ဒီကဗျာဟာ သင်နဲ့ ပဌာန်း ဆက် ရှိတယ်
ဟော
သင် ဒီကဗျာကို စဖတ်ပြီ ဆိုကတည်းက
ရေစက်ဆုံမိပြီ
ရေစက်ဆုံ လိုက်တစ်ချက်က
ဒီကဗျာကို အသက်ဆက်စေခဲ့
စိတ်ဝင်စားလို့
မန့် ကြည့်လိုက်
စိတ်ရှည်ခြင်းကို ပါရမီ ဖြည့်တာ
ကောင်းခြင်း ဆိုခြင်း ရေးခြစ်ခြင်းနဲ့
ကဲ
သင့်ဖတ်လိုက်တာနဲ့
ဒီကဗျာ တာဝန်ကြေပြီ
သင့် စိတ်ကို အာသာပြေဖို့
စိတ်အဟာရတစ်ခု
မန့်ဘောက်မှာ ချရေးလိုက်ပါ
ကဗျာဟာ
ဗလာ ထက်တော့ သာတာ
သင်ခံစားမိမှာပါ………။
သိင်္ဂါလှိုင်
27082014
09;13
Monday, August 22, 2016
တရေးနိုးဝေဒနာ
တရေးနိုးဝေဒနာ
ဆာလောင်ခြင်း
ထမင်းလုံးတစ္ဆေခြောက်ခံရတော့
မျက်စိနှစ်လုံးပွင့်
ရေထသောက်ဖြစ်မိတယ်
ကျွဲနဲ့နွားသာကွဲတယ်
ဘာစီးစီး ဖြေးဖြေးသွားနေတာပဲ
အသာမပြေတဲ့ဆာလောင်မှု့အတွက်
လစ်ပိုမုန့်တစ်ထုပ်ဟာ
အာသာပြေပေါ့
သတိရစိတ်နဲ့
နမ်းပစ်လိုက်တဲ့ သူမ ပါပြင်လေး မွှေးလို့
သူမကတော့
အိပ်မက်ထဲ ပျော်နေရှာတယ်
သိင်္ဂါလှိုင်
18082014
00:44
မွန်းကြပ်ည
မွန်းကြပ်ည
ကောင်းကင် ချိပ်ဆွဲထားတဲ့ နာရီ
ပြတ်တောက်သွားတဲ့ အသံ
ဝမ်းနည်းခြင်းတွေ အိုင်ထွန်းနေခဲ့ပေါ့
လှုပ်ခါနေတဲ့ ပုလင်း
လေဟာနယ်အဖြစ်ထွက်ကျလာ
ကျေးဇူးတင်ပါသည် ဆိုတဲ့ စကား
နေရာ အနှံ့ယဉ်ကျေးပြ
အေးခဲခြင်း ပြည့်သိပ်နေတဲ့ စကားလုံးများ
နာမည် တစ်ခုပဲ ရေရွတ်နေကြ
အဓိပ္ပါယ် တွေ ဖွေရှာရင်း
ပျောက်ဆုံးသွား ဘဝများ
ရေတွက်ဖို့ ကိန်းဂဏာန်းများ မတတ်နိုင်
စိတ်ဟာ စိတ်နဲ့ မွန်းကြပ်ရင်း
အမှောင်
အမှောင်ထဲ ဇွတ်တိုးနေခဲ့တယ်……။
သိင်္ဂါလှိုင်
23082014
20:07
သေဆုံးနေတဲ့ အတွေး
သေဆုံးနေတဲ့ အတွေး
----------------------------
မိုးလင်းပါပြီ ဆိုတဲ့ စကားလုံးနဲ့ မှောင်နေခဲ့။
သံချေး ကိုက်ခံလိုက်ရ ဘဝများ
ငြီးသံတွေ
တွန်မြည်နေကြတယ်။
မြေကြီး ဆိုတာ
ပန်းတွေ ပွင့်စေယုံ သက်သက် ။
ခုတော့
မြေဖုံးခံလိုက်ရ ပန်းများ
ကယ်သူ မဲ့ လို့။
အဆိပ်သင့် ရက်စွဲများနဲ့
အတွေးများက
လင်းနို့များလို ကျင့်နေကြတယ် ။
သိင်္ဂါလှိုင်
23082015
19:28
ချစ်ခြင်းအားဖြင့် အားတင်းထားပါ
ချစ်ခြင်းအားဖြင့် အားတင်းထားပါ
-----------------------------------------------------
ခွဲစိပ်ခန်း ဝင်ရမယ့် လက်တစ်ဖက်အတွက်
အားပေးမယ့် လက်တစ်စုံဟာ
ကြေကွဲနေရတယ်။
အချစ်ကလွဲ အရေးမကြီးဘူး ခံယူချက်နဲ့
ချစ်သူနှစ်ဦးက
အချစ်တွက် ငွေကြေးနဲ့သတ်ပုတ်ရတာ
ဘယ်လောက်ရင်နာဖို့ကောင်းလဲ။
တွေးကြည့်။
ခပ်သော့သော့ ပြုံးလိုက်ရတဲ့ရင်ထဲ
အားမငယ်ဖို့ပဲ အားပေးနေလိုက်ရတဲ့ လက်တစ်စုံပေါ့။
အတူတွဲတဲ့လက်က
အလွမ်းတွေ ဆုပ်ကိုင်ထားလို့
နိုင်ငံတစ်ခုတည်းမှာပဲ
မြို့ဝေး
ရွာဝေး။
ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြန်ရစ်ကြည့် ကြည်နူးမိသလို
အတူနေ ရက်စွဲအချို့ကို ပြန်းတွေး
ဖြေသိမ့်ရင်း
အချစ်နဲ့ဘဝ တစ်ထပ်ထဲကျဖို့
အနာဂတ် အိပ်မက်ကို ဆက်မက်ခဲ့ကြ။
တစ်ယောက်လက်တစ်ယောက်
ဆွဲဆွဲမြဲ ဖမ်းဆုပ်ကိုင်တွဲ လက်တွေမြဲအောင်
တဒင်္ဂအဝေးကို ချကျွေးရင်း
အလွမ်းကြိုးနဲ့ ချမျှားပေးခဲ့ကြတာ
ခုတော့
အရေပေါ်ဖြစ်လာတဲ့ လက်တစ်ဖက် ခွဲစိပ်ခန်းအဝင်
အားပေးမယ့် လက်တစ်စုံက ခရီးလွန်းနေခဲ့တယ်။
ကျယ်ပြန့်တဲ့ လေလှိုင်းထဲမှာ
မင်း အသံကို မျှားယူနေရတဲ့ လက်တစ်စုံဟာ
သောကတွေဖုံးလို့ ဟန်ဆောင်အပြုံးနဲ့
အားပေးစကားကို အတွင်တွင်ပြောနေမိတယ်။
ပန်းစိုက်တဲ့ လက်ဟာ
ပန်းပင်ကို အဆိပ်မသင့်သလို
ကိုယ်ချစ်တဲ့ မေတ္တာဟာ မင်း ကျန်းမာပါစေလို့
သစ္စာစူးနက် ကတိစကားက
ခွဲစိတ်ခန်းဝင်မယ့် လက်တစ်ဘက်ရဲ့ရောဂါ
ပျောက်ကင်းသွားမှာပါ။
အဆိုးတွေ ပြီးရင် အကောင်းတွေရောက်လာမယ့်
အဆိုးအကောင်း ဒွန်းတွဲနေတဲ့ ဒင်္ဂါးပြားဟာ
ဘယ်တော့မှ ခေါင်းအမြဲမကျပါဘူး
တစ်ချိန်တော့ ပန်းအလှည့် ပေါ်လာမှာပါ။
အဓိကနဲ့ သာမညကို ဝေဖန်ပိုင်းခြားလို့
ဖြစ်သင့်တာ ဦးစားပေးနေကြရင်တဲ့ မေတ္တာမှာ
အလွမ်းတွေ ခူးဆွတ်ရင်း
ဘဝကို တန်ဖိုးရှိစွာကိုယ်တို့ တည်ဆောက်ကြမယ်။
ခုတော့
အဝေးရောက်နေတဲ့ လက်တစ်စုံ
နွေးထွေးဆုပ်ကိုင်မထားနိုင်တဲ့ ဘဝ
အဝေးက ကျန်းမာပါစေ လို့ ဆုတောင်းနေမိတယ်။
အမြန် ကျန်းမာပါစေ
ချစ်ခြင်းအားဖြင့် အားတင်းထားပါ ချစ်သူ။
သိင်္ဂါ လှိုင်
ပဲ့တင်သံများ
ပဲ့တင်သံများ
-------------------
ဒြပ်ထုတစ်ခုရဲ့ အရိပ်
ချေဖျက်နေ တဲ့ စိတ်။
အော်သံနောက် ပဲ့တင်ထပ်လာတဲ့ အသံ
လွှမ်းနိုင်အောင် အသံကုန်ဟစ်နေတဲ့ စိတ်
သံသရာ အထပ်ထပ်ကျော့နေ။
ကိုယ့် စိတ်နဲ့ကိုယ်
သံသယ
အရူးဖြစ်နေတဲ့ ဘဝများ။
အမှန်မသိတဲ့ လမ်း
ရှည်လျားနေခဲ့ပေါ့……။
သိင်္ဂါလှိုင်
Saturday, August 20, 2016
အဖေတစ်ယောက်ရဲ့ ဆန္ဒ
ဖခင် တစ်ယောက်ရဲ့ ဆန္ဒ
_____________________
ရင်နဲ့ လွယ်မမွေးပေမယ့်
ချွေးနဲ့ စောင့်ရှောက်ခဲ့တယ်…။
မမျှော်လင့်ပေမယ့်
စိမ်းစိုလန်းနေတဲ့ ပန်းလို
အမြဲ ပျော်ရွှင်နေတာ မြင်ချင်
ဂုဏ်ယူတဲ့ မျက်နှာနဲ့ မော်ကြွားလို့
ဒါ ငါ့ သမီး
ဒါ ငါ့ သား
မမော မပမ်း
နှုတ်ထွက်စကားအမြဲ ပြောချင်
လိမ္မာယဉ်ကျေးတဲ့ ကလေး
လူတော် လူကောင်းလေး
ဘေးပြော စကား အမြဲ ကြားချင်
ဒီလို
အတွေး ဆန္ဒ
အမြဲ ပေါ်နေတဲ့ မေတ္တာ
မိဘတွေ အမြဲ ဖြစ်နေတဲ့ အရာလေ
နှုတ်ထွက် စကား
အမြဲ မပြောပေမယ့်
အရာရာ စောင့်ကြည့်လို့
ထိန်းကျောင်းတဲ့ နေရာမှာ
အမြဲ
လမ်းပြ နေခဲ့သူပေါ့…။
သိင်္ဂါလှိုင်
21082015
10:52
အဖေဆိုတာ
အဖေဆိုတာ
-------------------
အားမဖြစ် ကျားဖြစ် နေရင်လည်း
သားပျော်ရွှင်ချမ်းမြေ့နေရင်
ကျေနပ်နေတဲ့
အဖေ
ထီးမဖြစ် မီးဖြစ်နေရင်လည်း
သမီးပျော်နေရင်
ကျေနပ်နေတဲ့
အဖေ
တကယ်တော့
အဖေဆို
အမေဖြစ်သူတွေထက်
သာသမီးရင်နဲ့
ဝေးနေတဲ့ သူ ။
သိင်္ဂါလှိုင်
21082015
11:18
ဖားတွေမြူးတဲ့ နေ့က
ဖားတွေမြူးတဲ့နေ့က
----------------------------------
ဘယ်သူမှ ကူညီလို့မရတဲ့ ဝဋ်တွေ မျိုးပွားလို့
မြွေတစ်ကောင်ရဲ့ အဆိပ်က အလင်းကွယ်ခဲ့ရတယ်။
ထို့နေက စ၍
အကောင်း မမြင်ရတော့ပေ။
အကောင်းက ကျန်းမာလျက်။
သိင်္ဂါ လှိုင်
Monday, August 15, 2016
ပကတိ အလွဲထဲက ပကတိ
ပကတိ အလွဲထဲက ပကတိ
------------------------------------
စုန်းတွေပျော်တဲ့မြို့
ဒါဆို ဒီနေရာ စုန်းတွေပေါတဲ့မြေ
သီအိုရီနဲ့စုန်းတွေလား
အိမ်မည်းကြီးတွေပေါရာ ငါရောက်
ကျေးဇူးတော့ အရင်မတင်လိုက်ပါနဲ့
လင်းနို့ တွေပျံလာပြီ
ဝိညာဉ်တွေက ပြေးစရာမရှိတော့ဘူး
ဒါကြောင့် ရုပ်လုံးပြနေကြတာ
လူရှိရင် ခံစားချက်တွေရှိရမယ်
မှော်ဆိုတဲ့မနောတွေက
ဘဝကို ရယ်ရယ်မောမော မျက်နှာချိုသွေးတယ်
ယုံလား မယုံလားဆိုတာ သူ့ တို့ အလုပ်
မီးအိမ်တွေကို မီးမငြိမ်းစေနဲ့ကွာ
အနှောက်အယှက်တွေပေါလို့ 
နိုက်ကလပ်က အမျိုးသမီးတွေကို
ဘဝလို့ မြင်ပေးတတ်ရင်
ခင်ဗျားတို့ သမီးတွေ ဝဋ်မလည်ပါဘူး
တေးဂီတကို သံစဉ်သီးသန့် နားထောင်ဖူးသလား
လူတွေ သီချင်းဆိုတာပဲ
လူတွေက နားထောင်နေတာ
စကားလုံးတိုင်းမှာ ကွပ်မျက်မှုတွေပါနေတယ်
ရဲတိုက်အိုကြီးမှာ လူ့ ဘီလူးနဲ့စုန်းမ ချစ်ကြိုက်ခန်း
ဘယ်သူ တွေ့ဖူးလဲ
သေဒဏ်က သေဒဏ်
ငါတို့ သွားနေတာ သေလမ်း
အဲဒီမှာ စမ်းရေတွေ ရပ်တန့် နေတယ်
ကလင့် ( မန္တလေး )
Tuesday, August 2, 2016
ချစ်ရသော ပန်းကလေးယုဇန
ချစ်ရသော ပန်းကလေးယုဇန
(၁)
မိုးလင်းမနက်
တေးသံပျံ့လွင့်လာတဲ့ ငှက်တေးသံ
နားစည်ကို ရိုက်ခတ်လေတော့
အဝေးက ချစ်သူကို လှမ်းသတိရတယ်။
ချစ်သူကိုယ်စား လာနှိုးသလား
ထင်မှတ် စိတ်ဝယ်
သံယောင်ကြား မိတဲ့ နံနက်ခင်းမှာ
ပန်းကလေးရယ်
အရမ်းလွမ်းနေမိတယ်။
အလင်းကျဆင်းတဲ့ ကာလ
မင်း အဆင်ပြေပြေ ဖြစ်ပါ့မလား အတွေး
ကိုယ်တိုင်လိုက်မပို့နိုင်သေးတဲ့ ဝမ်းရေးခရီးမှာ
ကိုယ်အတိတ်ကဆူးခဲ့ ကံ ကို ပုံချ
သက်ပြင်းနဲ့အတူ လောကကို ငေးမိခဲ့
မင်းရှိရာ မြို့ရွာအရပ်လေးဆီပေါ့။
မင်းကြိုက်တဲ့ ကော်ဖီ တစ်ခွက်
မနက်ရဲ့ အဟာရ အဖြစ်
ကိုယ်အမြဲ မဖျော်ပေးနိုင်တဲ့ ကာလမှာ
ငှက်တေးသံက
ဘဝကို ပိုနာကျင်စေခဲ့ရတယ်။
( ၂ )
ပြိုကျနေတဲ့ အလင်းထဲ
အထားသိုမှားခဲ့ ကံကြမ္မာကြောင့်
ချစ်ခြင်းများ ကောင်းကင်နဲ့မြေကြီးလို
အသံတွေသာ စီးဆင်းနေခဲ့ရ။
အချိန်မှီ သွားရတဲ့ ခရီး
အချိန်တန် မပြန်ရတဲ့ အခါ
စိတ်များ အုံးမီးဖွဲဖြစ်နေခဲ့တယ်။
ပန်းကလေးရေ
အတွေးနဲ့ ရောဂါဖြစ်မှာ စိုးရိမ်တဲ့ အခါ
ကိုယ့်ကိုကိုယ် ပဲ ဂရုစိုက်ရင်း
မင်လဲ မင်းခန္ဓာကို ဂရုစိုက်စေချင်ခဲ့တယ်။
မြို့ပြအသွားအလားက
ကမ္ဘာဦးတောသွားထက် ပိုအန္တရာယ်များလို့
အသံနဲ့ ဂရုစိုက် စိတ်ချင်းသာဆက်သွယ်နေခဲ့ရပေါ့။
( ၃ )
ပန်းကလေး
တနေ့တာ လှုပ်ရှားရုန်းကန်
အကြွေးသစ်ချ
အကြွေးဟောင်းဆပ်နဲ့
သံသရာ
ဘယ်လို ဆုတောင်းတွေ လွဲခဲ့လဲ
ချစ်ခြင်း မေတ္တာဟာ
တဒင်္ဂပျော်ရွှင်ခြင်းတွေ မဟုတ်ခဲ့ပါဘူး။
(၄)
ပန်းကလေးရေ
ကြယ်တွေ ဝေနေတဲ့ ကောင်းကင်ထက်
လမ်းပျောက်သော လမ်းမထက်မှာ
အလွမ်းတေးသာ အမြဲဆိုနေလို့။
အသိုက်မြုံအတွက် ရင်ကွဲနေရက်တွေ
ဇီဝဇိုးငှက်တစ်ကောင်က
ငါ …။
တည်ဆောက်ခဲ့သမျှ
အခြားသူတွေ အသုံးတည့်နေတာကိုပဲ
ကြံဖန်ဝမ်းသာနေရတယ်။
အလွမ်းမီးက တော့ တောက်လောင်ဆဲ။
(၅)
မြင့်မိုရ်ကျေးဇူးပေးဆပ်တဲ့ ရနံ့သာ
လောကမှာ
အသာလွန်ဆုံးပဲ ပန်းကလေး။
ဒီအတွက်
ဂုဏ်ယူလို့ မဆုံး။
အချစ်စစ်စစ်ချစ်သူဆိုတာ
တစ်ဘဝတင်မက
သံသရာထိ
ကောင်းအောင် ကြည့်ရတယ်လို့
ယုံကြည်မိတယ်
ဒီလိုနဲ့
အလွမ်းကို ချော့သပ်နေရင်း
နေထိုင်နေခဲ့ရပေါ့
ပန်းကလေး။
(၆)
ဆွတ်ဆွတ်ဖြူ နေတဲ့ ပန်းကလေး
အဆင်းရနံ့ ပြည့်စုံပါပေ့။
ပြုစုပျိုးထောင်သမျှ
စည်ပင်တင့်တယ်လှပ လို့
ကိုယ်ပျိုးတဲ့ပန်း တင့်လှနေတာ
ဘယ်ဥယျာဉ်မှူးက မပျော်ဘဲ နေမလဲ။
အလွမ်းကို မြေစာလုပ်
ကြင်နာတရားတွေ လောင်း
ရင်ခွင်တစ်ခုလုံး ဓါတ်စာပေး
စောင့်ရှောက်ခဲ့သမျှ
အခုတော့
ပန်းသဘာဝ ပန်းအလှနဲ့ တင့်တယ်နေတဲ့
ပန်းကလေးကိုကြည့်
မြတ်နိုးစွာ ပျော်နေမိတယ်။
(၇)
အရိပ်လိုချင်ကြလို့ အလွမ်းတွေနဲ့ရုန်းခဲ့
နန္တဂိုဏ်ဝင်ကို ကိုယ့်အတ္တ မတော်လှန်ခဲ့
မေတ္တာအစစ်က အေးမြမယ်လို့
ယုံကြည်ခဲ့ကြတယ်။
အချစ်စစ် အချစ်မှန်ဆိုတာ
ဆေးသားမပျက်တဲ့ ဓါတ်ပုံ။
ငါတို့တနေ့
မေတ္တာခြုံတဲ့ အိမ်ကလေး
သာယာတဲ့ ကမ္ဘာ
ပိုင်ဆိုင်ကြမှာပါ။
ယုံကြည်ခဲ့တဲ့အတိုင်း လျှောက်ခဲ့ကြတယ်
လျှောက်ခဲ့တဲ့ အတိုင်းလည်း ရောက်ခဲ့ကြတယ်။
မုန်တိုင်းတွေပြီးရင်
လေပြေလေညှင်းလေးတွေ ရှူရှိုက်ဖို့
မြေနီလမ်းကလေး မှာ လမ်းလျှောက်ထွက်ကြမယ်
ပန်းကလေး။
သိင်္ဂါလှိုင်
်
Sunday, July 31, 2016
အိမ်ယာမဲ့ စိတ်
"အိမ်ယာမဲ့ စိတ် "
ဂဏာမငြိမ်နေတဲ့ ရာသီ
ထိုင်ရမလား၊ထရမလား
ဝေခွဲမရ
လေနဲ့အတူပြေး
တိမ်နဲ့အတူလိုက်
စီးနင်းလာတဲ့ ဆိုင်ကယ် ဘယ်မောင်းနေလဲမသိ
မြို့သားဟာ မြို့ထဲမှာ ရွာလည်နေခဲ့တယ်
ဖြစ်တတ်ပါတယ်
ဒါသဘာဝ တစ်ခု လို့
ကိုယ့်ဖြေစရာအတွေးနဲ့ ကိုယ်ဘာသာ ဖြေသိမ့်
မဆိုင်တာတွေ ရောက်ရောက်နေတဲ့ ကမ္ဘာ
ဆိုင်တာတွေ ပျောက်ပျောက်နေခဲ့
ထင်ခဲ့
မှတ်ခဲ့
မှားယွင်းခဲ့
အသိများ
ဒီလိုနဲ့
ကမ်းနားဘေးသစ်ပင် အဖြစ်နဲ့
ရေစီးရေလာတွေ ဝေးလာ ငေးရင်း
ရိတ်သိမ်းနေတဲ့ ငရုပ်သီးပင် အကြောင်း
ငါ ဘာလို့ စိုက်မိခဲ့သလဲ
မသိခဲ့ တဲ့ အဖြေကို မေးလို့………
သိင်္ဂါလှိုင်
01082014
16:04
Wednesday, June 8, 2016
ကဗျာမမှီတဲ့ အလွမ်း
"ကဗျာမမှီတဲ့ အလွမ်း"
ချစ်သူ
နာရီတွေ တရွေ့ရွေ့နဲ့ သေဆုံးနေတဲ့
နေတွေ ညတွေ မှာ
မျှော်လင့်ခြင်းတွေနဲ့ စောင့်မျှော်လို့………
ချစ်သူ
ဘာဖြစ်မှန်းမသိ ပူပင်မှုတွေက
သက်ပြင်းတွေ အခါခါရှိုက်
ဘယ်ရောက်နေမသိ အလွမ်းဒဏ်
ငါ ခံစားနေရတယ်………
ချစ်သူ
အချိန်ခါမဟုတ် ရွာချတဲ့ မိုးတွေလို့
ပူဆွေး လွမ်းဆွတ်မှု့ မျက်ရည်မိုးတွေ
ငါရင်ခွင်တစ်ခုလုံး အိုင်ဖွဲ့
မင်း သိနိုင်ပါ့ မလား…………
ချစ်သူ
အခါခါဆက်တဲ့ ဖုန်းလေး တုန်ခါမှုမဲ့
မစ်ကောလေးတောင် မမြင်တွေ့
ငါရင်ခွင် ပူလောင်မှုက
ငယ်ထိပ်ကို အဆိပ်တတ်လို့………
ချစ်သူ
ဖြေဆည်ရာ အတွေးတွေနဲ့
ဘယ်ခါတွေ့ရမလဲ မျှော်လင့်မှုက
စောင့်မျှော်ခြင်းတွေ လည်ပင်းရှည်ခဲ့ပြီ……………
ချစ်သူ
တေးသွားတွေနားထောင်ရင်း
လွမ်းခြင်းတွေထုံမွန်းနေတဲ့
သက်ပြင်းတွေနဲ့
စောင့်ကြိုနေပါတယ် ချစ်သူ………။ ။
သိင်္ဂါလှိုင်
6-6-2013
………*****သူငယ်ချင်းတစ်ယောက်ရဲ့ ပူလောင်သောက လွမ်းဆွေးသတိရမှု ကို ရေးပေးတာ။ဒါပေမဲ့ ရေးတဲ့ ကဗျာက သူလွမ်းတာ မမှီပါဘူးတဲ့ဗျာ……*****
လူအ တစ်ယောက်ရဲ့ တေးသွား
လူအ တစ်ယောက်ရဲ့ တေးသွား
=======================
အမှန်ကအမှား
အမှားကို အမှန်ထင်တဲ့နောက်
မလောဖို့လို့တော့ လိုတယ်။
လေးပိုင်းပိုင်း လေးတိုင်းဝေတဲ့ ဝေစုမှာ
ကိုယ်ကျတဲ့ ချွေးသာ ပိုများ
ဘယ်သူတွေများဝေ စု လျော့ခဲ့ဘူးလဲ။
ဖဲထုပ်ကို ကုလားဖန်ထိုးသလို
အဆင်ပြေရာ ပြေကြောင်းအဆင်သင့်
လှည့်ပတ် လုပ်ကိုင်
မြှင့်တင်ပေးလိုက် ဖေးမပေးလိုက်
အလှည့်သံသရာပဉ္စလက်စေရာ
ရိုးသားခြင်းများစွဲကိုင်လို့။
မရပ်နားတဲ့ မီးတောက်မီးလျံ
လောင်စာထည့်သမျှ အားမရ
မလိုရာတွေ အပိုကုန်
ဥာဏ်ကစားတဲ့ပွဲ ဥာဏ်နည်းလို့ မမြင်ခဲ့ဘူး။
ခဏဖြစ်တဲ့ချဉ်ခြင်းမှာ
ဆန္ဒတွေ ဖြေလျော့လိုက်ခဲ့တော့
မလိုတာတွေ တောင်ပုံရာပုံ
ပန်းသီးဆိုတာ သွားမပါတဲ့အချိန်မှာ စားသင့်တာလေ။
စဉ်စား
ဖြေးဖြေးစဉ်စား
တလွှာခြင်း ခွာကျလာတဲ့ အတွေးမှာ
အမှား အမှန်
တစ်ခု ခု တော့ အဖြေတွေလိမ့်မယ်။
ဘယ်ပြည်ဘယ်တိုင်း မှ မပိုပေမယ့်
လောကီလူဘုံ သဘာဝ
ဆန္ဒအဂတိ ဘက်လိုက်မိကြတယ်
အဖြူထည်ဆိုတိုင်း အရောင်မရှိဘူးမထင်နဲ့
အဖြူဆိုတာ အရောင် တစ်မျိုးပါ။
အလှသက်သက်
ဘဝ သက်သက် နေထိုင်လို့ မရတဲ့ လောက
ရွှေခြည်ဆိုတာ နှစ်ဘက်
အလှယက်လို့ မရ။
သားသတ်သမားလုပ်ချိန်မှာ ပုလွေမှုတ်မိတဲ့မြေခွေးတစ်ကောင်
အချိန်မှား တေးသီ
လူလိုကျင့်စီးပွားရှာမိတဲ့ ရသေ့
သူတော်ကောင်း တရားနှလုံးသွင်း တရာမှတ်တဲ့ လူ
အချိန် ယန္တရား လွဲတဲ့ပါရားဒိုင်းမှာ
ကိုယ်က ရှင်သန်ကြီးထွားမိတယ်။
ဘယ်လိုအကြောင်းတရားမှ ခါချလို့ မရတဲ့
အကျိုးတရားတွေ
သီးခဲ့တဲ့ အသီး ဆွတ်ပြီးရင်းဆွတ်
အမှောင်ကုန်တော့မဲ့ အာရုံတက်ဟာ
နည်းနည်း ပိုမှောင်နေတယ်
ဒါလည်း ခဏပါ။
ထီးဖြူဆောင်းမယ့်သူက ချွေးသွေးရင်းရတာ ဓမ္မတာ။
သိင်္ဂါ လှိုင်
Friday, May 13, 2016
ခက်တဲ့ သတ္တဝါ လူ
ခက်တဲ့ သတ္တဝါ လူ
__________________
မသိတာ ကို မသိသလို ဝန်မခံရဲတဲ့ စိတ်နဲ့
ပေါက်ပန်းလေးဆယ် စကားလုံးများ
ကာကွယ်ယူနေ
အရည်မရ အဖတ်မရ
ရန်ဆောင်နေသော အသံများက
ကိုက်ချင်နေတဲ့ ခွေးတစ်ကောင်လို
အမှောင် ဖမ်းစား လောက မှာ
လူ အမည် ဆိုရုံလေး
လူ လုပ်နေတဲ့ လူ
အိပ် စား ကာမ သုံးပါးနဲ့
နေ့ / ည ဖြတ်သန်း
နွားနဲ့မခြား
သံသရာ လှည့်ပတ်
ငရဲ ခန်းက ခဏ လွတ်တဲ့ သူ
ကမ္ဘာမြေလေး ခဏလေးနဲ့
ပျောက်ပျက်သွားမယ့် သူ
ဩော်...
ဗူးနွယ် လို လူ………။
သိင်္ဂါလှိုင်
Thaingar Hlaing
Thursday, May 12, 2016
ငါ့ သားအတွက် ငါကဓါးတစ်လက်
" ငါ့ သားအတွက် ငါကဓါးတစ်လက်"
------------------
လမ်းဘေးက ကောက်မွေး ပြီး
နာမည်ပေးခဲ့တဲ့
သားမဟုတ်ဘူး
ကိုယ်ရင်နဲ့လွယ် နှလုံးသွေနဲ့ ထုဆစ်
ငါကိုယ်တိုင်
ခေါင်းဆေးမင်္ဂလာပြု ခဲ့
ဖန်တီးခဲ့တဲ့ သားပါ
ကိုယ့်ထမင်းကိုယ်စား
မျှော်လက့်ချက်တွေနဲ့ မက်ခဲ့တဲ့ အိပ်မက်
ငါ့ သားကို ငါ
အကောင်းဆုံး တွေပဲ ဖြစ်ချင်တာ
ငါ့ ရဲ့ ရိုးသားတဲ့ အတ္တ ကွ
ကိုယ်မှန်ရင်ခေါင်းမရွေ့ပေမယ့်
လောက်ကျခဲ့တဲ့ အနာတော့
ရင်နာစရာ ကောင်းခဲ့တယ်
ချော့မြုတဲ့ တေးနဲ့
ငါ့သား ကို မာယာတွေကွန်တွေပစ်
လူညွှန့်တုန်းစေတဲ့ ဘဝ
မလုပ်ကြပါနဲ့
သူ့ဘဝနဲ့ သူ
လျှောက်နေတဲ့လမ်းမှာ
မင်းတို့ အတ္တနဲ့ ငါ့သား
လမ်းမှား ကို မဖြစ်စေချင်ဘူး
ဒါ သူ့ ကိုမွေးခဲ့ တဲ့ ဖအေတစ်ယောက်ရဲ့
တောင်းပန်သံ
မင်းတို့ နားမကန်းကြပါနဲ့
ဒီသားလေးတော့ ချမ်းသာပေးပါ……
ပြောလို့မှမရ ခဲ့ရင်တော့
ငါက
ငါ့ သားအတွက် ငါ့ဘဝ ကဓါးပဲ…။
သိင်္ဂါလှိုင်
14052014
20:23
Thaingar Hlaing