"အရူးနေ့မှာ အရူးဟာ အရူးစကားပြောခဲ့တာမဟုတ်ဘူး"
အရူး နေ့ မှာ အရူး ဟာ
အ ရူး အဖြစ်နဲ့ ဖြစ်တည်လို့
အရူးသား တစ်ပြားသားမှ မလျော့ခဲ့
အရူး ဖြစ်နေတာ အရူးနေ့ မှမဟုတ်
အရူး ဟာ အမြဲ ရူးနေခဲ့ပေါ့
အရူး
အရူး
အရူး
တစ်ရူးထဲရူးနေတဲ့ အရူး
အရူးက အရူး ဖြစ်ကြောင်းမသိအောင် ရူးလို့
အရူး ကို အရူး အကြောင်း အရူးဖြစ်ကြောင်း
သက်သေပြချက်တွေနဲ့ အရူးစကားပြောနေကြ လူအများ
အရူး နေ့ မှာ အရူးဟာလဲ လူတွေကို အရူးလို့ပြော
အရူးတစ်ယောက်ပြောစကားနဲ့ လူတွေ ပွဲကျ
သိခြင်း မသိခြင်းကြား
အရူးဟာ အရူးစကားပြော
လူတွေက လဲ အရူးအကြောင်းနဲ့
အရူးပြောစကားပြောနဲ့
အရူးနေ့မှာ အရူးဟာ အရူး ဖြစ်နေခဲ့တာမဟုတ်ကြောင်း
အရူး ကပြော ထွက်သွားတယ်
ကျန်သူတွေ အရူး ကို ငေးကြည့်
အရူး စကားကိုပဲ ပြောနေကြလို့ပေါ့။
သိင်္ဂါလှိုင်
01042014
17:56
Thursday, March 31, 2016
"အရူးနေ့မှာ အရူးဟာ အရူးစကားပြောခဲ့တာမဟုတ်ဘူး"
နေခြည်ငေးတဲ့ ပန်းတွေ
နေခြည်ငေးတဲ့ ပန်းတွေ
================
ဆောင်းကြမ်းကြမ်းထဲ နှင်းကိုက်ခဲခံရ ပင်ပျိုတွေ မျှော်ငေး မျက်ဝန်းမှာ တဖွဲဖွဲရွာဖြိုးနေ
တူသံတွေထုနှက်နေခြင်းက လှည့်ပတ် ဝံပုလွေတွေ တောကစားခံခဲ့ရတယ်။
လှည့်ပတ်နေတဲ့ ကမ္ဘာ အံမချော်ဘူးဆိုတာ ခု ခင်ဗျား ယုံပြီ မဟုတ်လား
အလီဘာဘာနဲ့ ခိုးသားလေးဆယ်တို့ ဘယ်လို
ဂူပေါက်ကိုပိတ်ပိတ် မန္တာန်တတ်သူတွေရှိရင် လင်းပွင့်လာတာပဲ။
လမ်းကောင်းကောင်း ဖောက်နိုင်တော့ တောကြီးမြက်မည်းထဲက
နန်းတော်ဟာ လူလာအများဆုံး သမိုင်းပြတိုက်ပေါ့
အလင်းလာရာကို အမြဲမျက်နှာမူတဲ့ ပန်းလေးတွေအားလုံး
ပွင့်လင်းလာတဲ့ ရာသီမှာ အပြိုင် လှနေကြတယ်။
သိင်္ဂါ လှိုင်
31032016
10:19
Wednesday, March 30, 2016
မျက်ကန်းများ
မျက်ကန်းများ
========================
အလင်းရောင်မရှိတဲ့ ရက်တွေ ဖြတ်သန်းလာတဲ့ ကာလတွေ
ပေါင်မုန့် မှိုတက်တွေစား ရှင်သန်လာတယ်
ခင်ဗျားလည်း မသေဖို့ စားခဲ့ရတာရော မှိုကင်းရဲ့လား
အမေးတဲ့မေးခွန်းထဲမှာ အသက်အသေတွေအပြည့်နဲ့။
မျက်လုံးက တိမ်ကျလာတယ်
အမြင်များ အသားဓါတ်လိုလာတယ်
အမှောင်တွေ နက်နက်လာတော့ ချေးအထပ်ထပ်နဲ့ အရှိတရားကပျောက်နေတယ်
ဒီလိုနဲ့ တွေ့သမျှ အမှန်ထင်နေခဲ့တယ်။
တိမ်လာတဲ့ ရေ
အငွေ့ပျံလွန်းခဲ့လေးသလား မကွဲပြား
အရင်တုန်းကလဲ ဒီတိုင်းပဲ ဆိုပြီ ကြောက်ကန်ငြင်းနေတဲ့ မျက်လုံးတွေ
အလင်းကိုကြောက်လို့ အမှောင်ကို ဇွတ်ဆွဲ
ငါတို့ပြောတာ အမှန်ဖြစ်ဖို့ အောက်လုံးတွေအသုံးပြု ရှင်သန်နေတယ်
ထွန်းညှိထားတဲ့ မီအိမ်လေးကိုပဲ ရမယ်ရှာ ခလုတ်တိုက်
အဆိပ်သင့်ဦးနောက်များ သူ့သာဝကတွေနဲ့ တစ်စင်ထောင် မောက်မာနေကြတယ်
ဘယ်အချိန်မှ သူတို့ ကျွတ်မယ့်တရားကို မရှာဖွေဘူး။
သိင်္ဂါ လှိုင်
Posted via Blogaway
Sunday, March 27, 2016
အဆက်သွယ်ပျက်တဲ့ ည
အဆက်သွယ်ပျက်တဲ့ ည
==================
စိတ်ထဲ ရှိသလို လွတ်ချလိုက်တယ်
မြန်ဆန်တဲ့ တုန့်ပြန်မှု့မျိုးနဲ့ မစဉ်းစားမဆင်ခြင်
မာရ်နတ်ပြုံးသွားတယ်။
ခူဆွတ်သူမဲ့ စိုက်ခင်းလေး
စတော်ဘယ်ရီသီးများ
ပုပ်ကုန်ပြီ။
မြွေယောင်ဆောင်တဲ့ ဒေါသမျက်မှန်တပ်မိတဲ့
ည
အဖြေမှန်ကို တွက်မထားမိခဲ့။
ဘယ်လိုမှ ပျောက်ကွယ်အောင် မလုပ်နိုင်တဲ့ အချစ်မှာ
တဒင်္ဂ
မြွေဆိပ် ခေါင်းတက်သွားတယ်။
သိင်္ဂါ လှိုင်
27032016
Posted via Blogaway
ရိုးရိုးသားသား
ရိုးရိုးသားသား
============
အရှင်းထဲက အရှုပ်များနေ့ / ည ရှင်းထုတ်နေရင်း
အရှုပ်များရှင်းနေရတဲ့ ဘဝ
ဝါယာကြိုးတွေ ပူးကပ်လိမ်နေကြတယ်။
ချစ်သူရဲ့ ဖုန်းဆက်သံမှာ ကြေကွဲ၊ပျော်ရွှင်၊ပြုံးရ
အချိန်တိုင်း ဆက်သွယ်ထားတဲ့ သံယောဇဉ်
သူ့အသံတိုင်း ခံစားနေရတဲ့ ခန္ဓာလေ
ဒီလိုပြောလို့ ခင်ဗျားရယ်နေမလား။
သစ်ပင်တွေက ကျိန်စာကြောင့်သေဆုံးကြရတယ်။
ဖြေရှင်းရင်း ရှုပ်ယှက်ခတ်လာတဲ့ အရာများ
အေးရာအေးကြောင်း တက်ပင်တွေ ကန်းထားလိုက်တယ်
ရီမုမပါလည်း စက်တွေဟာ လည်ပတ်နေတာ
အချိန်တွေ ပြောသောစကား နဲ့ သိခဲ့ရတယ်
ဖြူစင်မှု့ဟာ အမြဲ လိပ်ပြာသန့်လို့။
သိင်္ဂါ လှိုင်
27032016
21:32
Posted via Blogaway
Saturday, March 26, 2016
သံကြိုးစာ
သံကြိုးစာ
ငါ့ ကိုယ် ငါ
ဘယ်တော့မှ သတ်မသေဘူး
ဘာလို့လဲ ဆိုတော့
သေခြင်းတရားက ငါ့လက်ထဲမရှိဘူးလေ
ငါ့ရှင်သန်ဖို့က
ငါ့ နိုင်ငံ ငါ့ လူမျိုးရဲ့ ဓလေ့ထုံးလမ်း အစဉ်အလာ
သူတို့ရဲ့ ရိုးသားခြင်းတွေမှာ အပ်နှံထားခဲ့တာမို့ပါ
ငါ့ကိုယ် ငါ
ဘယ်တော့မှ သတ်မသေဘူး
အဖန်ငါးရာ ငါးကမ္ဘာကို ကြောက်လို့မဟုတ်ဘူး
မြေသြဇာစား ရှင်သန်ရတဲ့ ပန်းကလေးတွေလို
ငါ့ ရှင်သန်မှု့က
ငါ့နိုင်ငံ ခေါင်းဆောင်တွေ ရဲ့ လက်ထဲမှာမို့
ငါ့ သေခြင်း ငါကိုယ်တိုင်မှ သတ်လို့မှမရတာ
စိတ်ချပါ
ငါ့ ကိုယ် ငါ
ဘယ်တော့မှ သတ်မသေဘူး
ငါ့ အသိဥာဏ်
ငါ့ အတွေးအခေါ်
ငါ့ အနုပညာခံစားတတ်မှု့
ငါ့ ပျော်ရွှင်ခြင်းတွေမှာ
ငါ့ကိုယ် ငါ သတ်သေစရာ သေဆုံးစရာမှ မရှိတာ
ငါ ရှင်သန်နေတုန်းမှာ
ငါ တာဝန်ကျေချင်တယ်
ငါ့ နိုင်ငံ ငါ့လူမျိုး ကောင်းစားစေဖို့ပေါ့
ဒီတော့
ငါ့ကိုယ် ငါ
ဘယ်တော့မှ သတ်မသေးဘူး။
ငါ့ သေခြင်းက
ငါ့လက်ထဲမှ မရှိတာ…။
သိင်္ဂါလှိုင်
22112014
09:10
"ပန်းထိမ်မတတ်ခင် ရွှေခိုးသင်နေတဲ့ ကဗျာ"
"ပန်းထိမ်မတတ်ခင် ရွှေခိုးသင်နေတဲ့ ကဗျာ"
အရွယ်မရောက်သေးတဲ့ အရွယ်မှာတင် မာယာတွေနဲ့ ပညာကို လေ့လာ ၊ပြီတီတီ ခံစားချက်များ တွေ့ရာ၊မြင်ရာ
ယုန်လိုချင်လို့ ချုံထွင်တာ မဟုတ်ပဲ ယုံလာအောင် ကြုံလာတဲ့ စကားများ၊ စိဉ္စာမာန စရိုက်အပြည့်
ခံစားချက် မုသားတွေနဲ့ မဆုံခင်က စုံကန်ချင်နေတာ ပေါ်လွင်နေခဲ့တယ်။
အင်းတစ်ချပ်ကို လက်ဝါးရိုက် အပ်လို့မရတဲ့ ပညာမှာ ရိုးသားခြင်းက အခရာပါလေ
မြင်ရာကို အမြင်နဲ့ တွဲစပ်လို့ အရှိတရားကြားက မရှိတဲ့ အရှိကို ဖော်ပြရတာ စိတ်ရဲ့ ကျယ်ပြန့်ခြင်းရဲ့ စုပ်ယူနိုင်တဲ့အစွမ်းပေါ့
ကဗျာ ဆိုတာ မသိခြင်းရဲ့ အနက်မှာ ခံစားသူ အရုပ်ရေးဆွဲတာ ပေါ်ခဲ့ရတယ်။
မဆိုင်တဲ့ ဆုံးဖြတ်ချက်များ၊သက်ဆိုင်တဲ့အဖြစ်ပျက်များ မှာ ရေလိုက်လွဲ တလွဲဆံပင်ကောင်းနေလိုက်ကြတော့
အာခေါင်လှံစူး တဲ့ ဗျိုင်းလဲ ဒီနေရာမှာ အသုံးမဝင်။အသုံးမပြုတာလဲ ဖြစ်ချင်ဖြစ်မယ်။
ထားလိုက်ပါတော့
မမြင်ချင် မျက်ကွယ်ပြု ပတ်ဝန်ကျင်း တစ်ယောက်အနေနဲ့ မပြောဖြစ်ခဲ့(ဝါ)မပြောချင်ခဲ့
နဂိုင်းမထွက် တာ မူရင်း မစစ်တဲ့ အတွက် ဖြစ်ခဲ့တာ။
ညီအစ်ကိုက ညီအစ်ကို စပါးဈေး က စပါးဈေး မှာ
မစခင်က ရင်သကို ဆို သလို အတွေ့ကြုံ က အသစ်အသစ်များနဲ့ လောက ဖြစ်နေခဲ့
သွေနားထင်ရောက် ဘဝင်မြင့် အသိတွေဟာ
တစ်ချိန် လေငြိမ်တဲ့ နေ့ ပြုတ်ကျ လာမှာပါ။
ကဲမိတ်ဆွေ ရွှေခိုးချင်တော့ ကဗျာ ထဲမှာ မရှိပါဘူး။
ကဗျာထဲမှာ ပန်းထိမ်ဆရာ ငိုတဲ့ ပန်းတွေသာ အပြိုင်းအရိုင်း တောထအောင် ပွင့်နေခဲ့တာပါ။
ရိုးသာမှု့နဲ့ ခူးယူလိုက်ပါ ။ ဘဝမှာ ငိုစရာတွေ မေ့လို့ နှလုံးအိမ်မှာ အေးချမ်းစေတာ ကဗျာ ပဲ။
သိင်္ဂါလှိုင်
28062014
21:19
အက္ခရာချိတ်ဆက်မိသော ရက်စွဲ
အက္ခရာချိတ်ဆက်မိသော ရက်စွဲ
=======================
လှည့်ဝင်လာတဲ့ စကားလုံးကသက်ဝင်လှုပ်ရှား သူ
မဟုတ်သလို အပြုမူများနဲ့ ပုဒ်ထီး ပုဒ်မတို့ စည်းခြား
ထား နယ်ကျော် အပပြုမှုတို့ အပြုံးတွေတပ်ဆင်ထားတယ်။
ဥပဒေနဲ့ အညီစာသားက ဥပဒေ အညီဆိုတာ မပါတော့ အက္ခရာ
ပြုတ်တွေ အဖြစ်လည်း လူရာဝင်တဲ့ စာကြောင်း အဖြစ်တွေ့ရတယ်။
အဓိပ္ပါယ် မပါတဲ့ အနက်ဓိပ္ပါယ်တွေ ပေါ်ထွက်စေတဲ့ အပေါင်းအစပ်မှာ
ဝေါဟာရဆိုတာ လည်သူဆော့တာထက် ပညာတတ်ဆော့
ကစားခြင်းက ပိုမို မျက်စေ့လည် အနက်က မပြောလည်း ရှင်သန်နေ။
ဘယ်သူပဲဖြစ်ဖြစ် ရိုးသားခြင်းနဲ့ လှည့်စားခံလိုက်ရတဲ့ နေ့တွေ
သုမနကြောက ဒဏ်ရာတွေလို အမာရွတ်တွေ အတိုင်းသား ထင်းလို့
အနုလုံပဋိလုံ သုံးသပ်ချက်များ အသံဟာ တိုးတိုးလေးထွက်သွား
အက္ခရာတွေနဲ့ သတ်ခံရတဲ့ သက္ကရာဇ်များ ဘယ်တော့
မှ ပြန်မလှည့်စေချင်ဆန္ဒနဲ့ အမျှ အမျှ အမျှ ပေးဝေနေခဲ့တယ်။
သိင်္ဂါ လှိုင်
17012016
18:00
Friday, March 25, 2016
နေပူလောင်ခံထားရဲ့ စိတ်မှာ ပျော်ရွှင်စရာဟာ ရှာမရခဲ့ဘူး ကင်မလီ
နေပူလောင်ခံထားရဲ့ စိတ်မှာ ပျော်ရွှင်စရာဟာ ရှာမရခဲ့ဘူး ကင်မလီ
အနာဂါတ် ဝတ်မှုံတွေ ကိုင်းဆက်၊အင်းဆက်တစ်ကောင်းရဲ့ တွားသွားခြင်းကို သံသယရှိခဲ့ပါသလား။
အမေးဟာ အမေးနဲ့ သေဆုံးနေခဲ့တဲ့ ကမ္ဘာမှာ လောင်ကျွမ်းခြင်းများငွေ့ငွေ့နဲ့ ယုံမှားခြင်းတွေလောင်ကျွမ်းလို့။ကင်မလီရဲ့ ချစ်ခြင်းတရားဟာ မွန်မြတ်သန့်စင်ခဲ့ပါတယ်။ဖယောင်းပန်းတစ်ပွင့်ရဲ့ အနိဋ္ဌာရုံ ကို လက်ညှိုးထိုး။
အစွန်းအထင်းကို ဇာချဲ့ပြတတ်တာ ဓမ္မတာပါ ကင်မလီ။ပြန်ချင်မနေနဲ့ တွေ့ချိန်တွေနဲလာပြီ။
သူ့ဘာသာ သူလမ်းလျှောက်နေတဲ့ ကင်းခြေများကို ငေးကြည့်ပြီး ခြေလှမ်းတွေ ရပ်မပစ်လိုက်ပါနဲ့။ ဘဝ အလှ ချစ်ခြင်းတရား မေတ္တာမှာမင်းဘယ်လို အဆိပ်သင့်ခဲ့ပါသလဲ။အထင်နဲ့ အမြင် လွဲနေတဲ့ လောကမှာ သတင်းလား
အတင်းလား သိပ်မသေချာ။ကွမ်းသွေးခံ ရှာရတာလောက် မခက်တဲ့ အဖြေမှာ လက်သင့်ရာ မြှောက်ထားခဲ့တာလေ။
မင်း ချစ်ခြင်းမှာ တကယ်တော့ အသေမစောခဲ့သင့်ဘူး ကင်မလီ။
အခုတော့ အသိုင်းဝန်း ပတ်ဝန်းကျင်ဆိုတာနဲ့ ဒဏ်ခတ်ခံလိုက်ရတဲ့ စနစ်တစ်ခုမှာ ငါတို့က ဓါးစာခံဘဝတွေ ဖြစ်နေလို့။
စိတ်ဟာ ပါလက်စတိုင်း နယ်မြေ။ဘဝက ဖခင်နိုင်ခံအတွက် အသက်ပေးရတဲ့ ဂျာမဏီက နာဇီ။
ရူးသွပ်မှု့အတွက် စတေးလိုက်ရတဲ့ ဘဝမှာ ငါ အမှားမကင်းခဲ့ဘူး ။တကယ်တော့ ဆိုးဆိုးဝါးဝါးမှားခဲ့တာပါ။
တကယ်သေဆုံးခြင်း ဖြစ်မဖြစ်အတွက် အခေါင်းကိုပြန်တူး မင်းခန္ဓာ ပြန်ရှာနေခဲ့ရတယ်။
စိတ်ဟာ တောက်လောင်နေတဲ့ မီလျံတွေအတူ Block hole ထဲ ပြုတ်ကျခဲ့တဲ့နောက် နောင်တတွေနဲ့အတူ
ဘဝဟာ ညှင်းသတ်ခံလိုက်ရပေါ့ ကင်မလီ။ဒီလိုနဲ့ ရှာမတွေ့တဲ့ ဘဝတစ်ခုအတွက် စိတ်ဟာ အကျဉ်းစံ ငရဲ ခန်းမှာ
စတေးခဲ့လိုက်တယ်။စံနစ်မှား လူမှု့ရေးထဲမှာ ရှင်သန် ခဲ့ရတဲ့ လောက အမှား။ ဝဋ်တစ်ခုရဲ့ ဝဋ်တစ်ခု အစားထိုးလိုက်တဲ့ဘဝ ဘယ်တော့မှ မငြိမ်းချမ်းခဲ့ဘူး။ အရှုံးပေးလိုက်ပြီး တစ်သက်သုံး မင်း အနိုင်ရခဲ့တာပါ ကင်မလီ။
သိင်္ဂါလှိုင်
25032015
17:31
"ဆိုရှယ်နက်ဝပ်ကြီးမှာပေါက်သော ပဒေသာပင်"
"ဆိုရှယ်နက်ဝပ်ကြီးမှာပေါက်သော ပဒေသာပင်"
==============================
အသဲတစ်ခြမ်းနဲ့ လွမ်းခန်းဖွင့်နေကြတာ ဒီနေရာ
ချစ်ခြင်းတရားတွေ လှိုင်လှိုင်ပွင့်နေတာ ဒီနေရာ
စိတ်တူကိုယ်တူစု ပရဟိတ လုပ်ဖြစ်တာ ဒီနေရာ
နာမည်အတုနဲ့ တဏှားရူးတွေ ရှိတာ ဒီနေရာ
မကျေနပ်သမျှ စိတ်ထွက်ပေါက်ပြောရဲတာ ဒီနေရာ
လူယုတ်မာက သူတော်ကောင်းယောင်ဆောင်တာ ဒီနေရာ
တစ်ကိုယ်ရေကုသိုလ်လုပ် အသိဖွင့်ပေးတာ ဒီနေရာ
သတင်းစကားအတင်းများပြောတာ ဒီနေရာ
ဘာမှန်းမသိ သူများယောင်လို့လိုက်ယောင်တာ ဒီနေရာ
မီဒီယာကို မီဒီယာနဲ့ တိုက်တာ ဒီနေရာ
အောက်ကြေးကနေ နိုင်ငံရေးတရားဟောတာ ဒီနေရာ
သူ့လူကိုယ့်ဘက်သားနဲ့ မင်းသားခေါင်းစွပ်တွေရှိတာ ဒီနေရာ
ပါးစပ်တစ်ပေါက်လို ပိတ်လို့ မရတာ ဒီနေရာ
အထက်လမ်းအောက်လမ်း ကြိုက်သလို သွားလို့ရတာ ဒီနေရာ
ဖြစ်သမျှ အကုန်အချိန်ပြည့် သိနေရတာ ဒီနေရာ
အကဲဖြတ်ညံ့တာနဲ့ ဘဝပျက်တတ်တာ ဒီနေရာ
ရယ်စရာဟာသ သောကကိုဖြေစေတာ ဒီနေရာ
ဖြစ်ချင်တာတွေရင်ဖွင့်တာ ဒီနေရာ
သင်ချင်တဲ့ပညာ အလကားသင်ပေးတာ ဒီနေရာ
မျက်စိကိုမွဲ ဇက်ကြောတတ်စေတာ ဒီနေရာ
အချိန်အချက်လုပ် တွေ့ဆုံးဖို့ ဖြစ်စေတာ ဒီနေရာ
ကလောင်ကိုသွေး စာဖတ်စေခြင်းဖြစ်စေတာ ဒီနေရာ
မရောက်ဖူးဒေသအကြောင်း အကုန်သိစေရတာ ဒီနေရာ
မသိမိတ်ဆွေ တိုးပွား ဘဝကိုနွေထွေးစေတာ ဒီနေရာ
ဘုရားသခင်ကိုတွေ့ရသလို ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်လို့ရတာ ဒီနေရာ
ဒီနေရာ…………
ဒီနေရာ…………
ဒီနေရာ…………
ဒီနေရာဟာ
သတိမမူ ဂူမမြင်မို့
သုံးတတ်ရင်ဆေး မသုံးတတ်ဘေးဖြစ်စေခဲ့တဲ့အရာ။ ။
သိင်္ဂါလှိုင်
3912014
သပွတ်အူထဲ ပျော်ပိုက်သူများ
သပွတ်အူထဲ ပျော်ပိုက်သူများ
_______________________
လူအ ပြောတဲ့ဘာသာစကား လွယ်လွယ်ကောက်ချက်ချမရ ကာလမှာ
နားထောင်သူသာ ကိုယ်ရောစိတ်ပါ ပင်ပမ်းမှုပင်လယ်ဖြစ်ခဲ့ဲ့
ဘယ်သူက ဘယ်လောက်နားလည်ပေးခဲ့ပါသလဲ
ဘယ်သူက ဘယ်လောက်ချစ်မြတ်နိုးခဲ့ပါသလဲ
နဖူးပေါ်တင်မိတဲ့လက်သာ မီးတောက်ခဲ့ရတဲ့ တိုင်းပြည်
ငိုကြွေးခြင်းနဲ့ စ ငိုကြွေးချင်းတဲ့ ဆုံးတဲ့ ရှင်သန်ခြင်း
တွယ်ကပ် နေတဲ့ စိတ် ပြာကျနေရဲ့
အချိန်အဆ အတည်တကျ မဖြစ်ဘဲ လွမ်းဆွတ်
ချစ်ခြင်းတရားက ရိုးသားနေခဲ့တယ်
မမှားတဲ့ မမှန်ခြင်းတွေသာ ရိုက်ခတ်
ဗဟိုပြုခံလိုက်ရတဲ့ အသက်ဓာတ်လေး ကာလသုံးပါးစလုံး ထိုးဆပ်လို့
လျှောက်ခဲ့ ဆီဆုံလမ်းက
ထွက်ကျလာတဲ့ ဆီတွေ ကိုယ်နဲ့ မအပ်စပ်မှန်း မသိခဲ့
ပျော်ရွှင်နေခဲ့။
သိင်္ဂါလှိုင်
25032045
11:40
Friday, March 18, 2016
မင်းပါးပြင်အမှတ် ပွတ်သပ်ချော့မြူခဲ့ မှန်သားပြင်
မင်းပါးပြင်အမှတ် ပွတ်သပ်ချော့မြူခဲ့ မှန်သားပြင်
==============================
တွေ့ဆုံခဲ့နေ့က
သိမ်းဆည်းထား ပုံရိပ်အချို့ကို
ခဏ ခဏ ဖွင့်ကြည့်မိတယ်။
တေးသံ ညိမ့်ညောင်းတဲ့ အသံ
မင်းရဲ့ ပုံရိပ်အတူ
အပိုင်းအစအချို့ အော်တို မွေးဖွားတဲ့ အခါတိုင်း
ဝမ်းသာပျော်ရွှင်ရ အတိုင်းမသိ
အဲသလိုမျိုးအချိန်ဆို
မင်း စကားလုံးတွေ တိုက်ရိုက်ထိတွေ့ခွင့်ရတယ်လေ။
မှန်သားပြင်အထက်
ပွင့်လန်းနေတဲ့ မင်းရယ်သံ သဲ့သဲ့
ဟန်မူပို ကနွဲ့ကလျ စိတ်ဆိုးသံ
ချစ်ခြင်းတရားကို ပိုမိုနုပျိုလို့
အလွမ်းတွေ ပြေပျောက်စေတယ်။
ဆက်သွယ်မှု့ ဧရိယာမဲ့ ချိန်တိုင်း
နောက်ခံထားတဲ မင်းအပြုံးလေးကိုဘဲ ကြည့်လို့
ငါ သူရူးတစ်ယောက်လို
စကားတွေ တတွတ်တွတ် ပြောနေခဲ့။
အချစ်ဆိုတာနဲ့ ကပ်ပေါက်လာတဲ့ အလွမ်းကို
ရိတ်သိမ်းဖို့
လက်ကိုင်ဖုန်းလေးရဲ့ မှန်သားပြင်ကို
မင်းပါးပြင်အမှတ် ချော့မြူလို့
အဲချိန်မှာ
ငါ့မျက်နှာ အပြုံးတွေ ပွင့်လို့…။
သိင်္ဂါလှိုင်
18032015
19:11
Wednesday, March 16, 2016
စိတ်ဟာဘယ်တော့မှ ဓါတ်ပုံအရိုက်မခံဘူး
စိတ်ဟာဘယ်တော့မှ ဓါတ်ပုံအရိုက်မခံဘူး
____________________________________
လေတွေလို မတည်ငြိမ်ဘဲ
ခြေဦးတည့်ရာ
လျှောက်သွားနေတယ်။
သူ့ဆီလာတဲ့ ဧည့်သည်တွေနဲ့
ပျော်ပါး
ညီနောင်ရင်းခြာလို
ဖက်လဲတကင်းနေလို့။
ပျော်လိုက် ရယ်လိုက် ငိုလိုက် ဝမ်းနည်းလိုက်နဲ့
နာရီတွေကို သတ်ပစ်ရင်း
ရှင်သန်နေခဲ့။
ပုံသေတစ်ခုမှာ ပြန်မကြည့်ချင်တော့
သူဟာ
ဘယ်တော့မှ ဓါတ်ပုံ အရိုက်မခံခဲ့ဘူး။
ဒီလိုနဲ့
ပါပါရာဇီတွေ လက်ကလွတ်အောင်
မျက်နှာဖုံးအယောင်ဆောင်
မာယာပလိန်း အနန္တနဲ့
သူကိုယ်သူ လူလုံးထွက်မပြဘဲ နေခဲ့တာ
ယနေ့ထိ……။
သိင်္ဂါလှိုင်
17032015
16:53
"အချစ်က ပိုဖလံတစ်ကောင်လို့ ကျင့်ကြံနေခဲ့တယ်"
"အချစ်က ပိုဖလံတစ်ကောင်လို့ ကျင့်ကြံနေခဲ့တယ်"
=================================
နွေရင်ခွင်မှာ မီးလျံ
နမ်းရှိုက် အလွမ်း သောက တွေ
ဘယ်ဆုတောင်းတွေနဲ့ တောက်ပနေလဲ မသိ။
တိတ်ဆိတ်ခြင်းစကားလုံးများ
အရာရာ ဥပက္ခော ပြုနေတဲ့ ပင်လယ်
ဆိပ်ကမ်းမဲ့နေတဲ့ သင်္ဘော ရင်ခွင်ရှာမတွေခဲ့။
ခိုကိုးရာမဲ့ နေ့ခင်းများ
ချစ်ခြင်းတရားတွေ လှမ်းခေါ်လို့
မှော်တိမ်းနေတဲ့ နေဝင်ချိန်မှာ
မျှော်ခြင်းသာ အားကိုးရာဖြစ်ခဲ့။
ကျရှုံးသူတစ်ယောက်ရဲ့ ချစ်ခြင်းဟာ
စာနာမဲ့ ခံ ဘဝ ဖြစ်လို့
သူရဲကောင်းဆိုတာ အောင်နိုင်သူသာ ဂုဏ်ပုဒ်ပေးကြတာပါ။
အသုံးမဝင် တဲ့ ရေတွင်းပျက်လို
ရေငတ်သူ မဖြေသိမ့်နိုင် ဘဝနဲ့
မေတ္တာတရားက အခုမှ မိုးတိမ် ဖွဲ့နေတုန်း။
သိင်္ဂါလှိုင်
Sunday, March 13, 2016
မှိုတက်နေတဲ့ပေါင်မုန့်တွေ အမှိုက်တောင်းထဲမှာ
မှိုတက်နေတဲ့ပေါင်မုန့်တွေ အမှိုက်တောင်းထဲမှာ
===============================
အသားဈေးကောင်းတဲ့ခေတ်မှာ
ဘယ်သူမှအရိုးကိုကောက်မဝါးချင်တာသေချာတယ်။
ညစာမစားရသေးတဲ့
ကလေးတစ်ယောက်ရဲ့အိပ်မက်
သူဋ္ဌေးအိမ်ကခွေးတစ်ကောင်လောက်တောင်
ဝဲမကင်းတဲ့အဖြစ်
ဘဝက
ရေရှိပြီး ရေဆိပ်သင့်နေရ
စာနာမှုဆိုတာ
လူရီစရာ
ကွက်
ကြား
မိုး........။
သိင်္ဂါ လှိုင်
အလွမ်းတက်တူးထိုးထားတဲ့ လူ
သိင်္ဂါလှိုင်
(၁)
ငှက်လေးပျံသွားတာအစ သစ်ရွက်ကလေးကြွေသွားတာအဆုံးအလွမ်းက ငါ့စိတ်ကို စီးချင်း ထိုးလို့ နေတယ်။
(၂)
လှေနံရံတစ်လျှောက် မသိမသာ သိသိသာသာ တဖြေးဖြေး စိမ့်ဝင်လာတဲ့ အလွမ်း။လွယ်အိတ်ကြိုး ထုံးလေး လို ခံစားချက်က ပြေဆင်းမသွားဘူး။ဖြစ်ခဲသောအရာတွေ တိုက်ဆိုင်မိတိုင်း မီးခတ်ကျောက်နှစ်တုံး ထိခတ်မိ သလို အလွမ်းက ထထပွင့်တယ်။သစ်ရွက် ကြွေတာ၊မိုးရွာတာ ၊နှင်းကျတာ သဘာဝဖြစ်ပေမယ့် ဒီသဘာဝတရားတွေ ပေါ် မှီတွယ်ဖြစ်ခဲ့သော ဒဏ်ရာ လှုပ်ရှားဖြစ်ပေါ်လာသမျှ က အလွမ်း။အလွမ်းက အရသာမဟုတ်ပါ ဆိုကြပေမယ့် ငါ့အတွက် တော့ အလွမ်းဆိုတာ နာကျင်ဆွေးမြေ့ အရသာ အခါးကြိုက်သူ တစ်ယောက် အရသာခံစား တဖြေးဖြေးမြုံ့ပြီး စားသလို တတိတိ စားသုံးနေမိခဲ့တယ်။အချစ်ရဲ့ကျန်ရစ်ခဲ့သောအလွမ်းက ငါ့ စိတ်တွေကို မြေ့မြေ့တိုက်စားခံနေရတဲ့ ကမ်းပါး။ ခံစားချက်တွေဝေးလိုက်၊နီးလိုက်၊ပဲ့ကျလိုက်ပေါ့။လောကနိယာမကအရာရာမမြဲ၊မမြဲ ခြင်းသာ တည်မြဲနေတယ်တဲ့။ ဟုတ်တယ်။ မမြဲတဲ့ အချစ်မှာ အလွမ်းတွေ ခိုင်မြဲလို့ ဒဏ်ရာသီထားတဲ့ ကြိုး င့ါ ကိုယ်မှာ ချည်နှောင် ထားလို့ပေါ့။
ကြိုးတစ်ချောင်း စရစ်တွယ်ခဲ့ တုန်းက ဒီလောက်ခိုင်မြဲ တုပ်နှောင်ထားမယ်ဆိုတာ မသိခဲ့ရဘူး။မြင်နိုင်တဲ့ အစွမ်းမရှိတော့ ဒုက္ခဖြစ်လာမယ်လို့လည်း မတွေးတောမိခဲ့။သူ့ရဲ့ ပိတ်ရက်မရှိ အမြဲ ပြုံးတိုင်းပွင့်တဲ့ ပါးချိုင့်လေးကိုပဲ အဆန်းတစ်ကြယ် ငေးမောကြည့်နေမိခဲ့တယ်။ဂုဏ်တွေဒြပ်တွေဆိုတာ ဘာမှန်းမသိခဲ့။ငွေဆိုတာလည်း ဘာမှန်းမသိ။ ချစ်ခြင်းသာလျင် အဓိကကျသောအရာလို့ထင်မှတ်နေမိခဲ့တယ်။ နှစ်ကိုယ်တူ နွေးနေတဲ့ရင်ခွင်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည်နူးအပြုံးများ အလှိုင်လှိုင် ပွင့်ဖူးဝေဆာ ပျော်ရွှင်နေခဲ့ကြပေါ့။ဘယ်သူတွေမှ မနှောက်ယှက်နိုင်တဲ့ ချစ် ခြင်း အလွမ်းဆိုတာ ဘာလဲ ဆိုတာမျိုးနဲ့ နတ်ဘုရားတွေ မနာလိုအောင် ချစ်ခဲ့ကြ၊မြတ်နိုးခဲ့ကြတယ်။အချစ်စစ်ဆိုရင် အမြဲ ပျော်ရွှင်တည်မြဲနေမယ်လို့ နှစ်ယောက်သား ယုံကြည်ထားကြတယ်။လေပြေလေညင်းတွေ နောက်မှာ မုန်တိုင်းလာတတ် တယ်ဆိုတာ မသိခဲ့ကြ။လောကဓံဟာ ကြမ်းတမ်းခြင်းတွေ သင်္ခန်းစာပေးတယ်ဆိုတာ နားမလည်ခဲ့တော့ အချစ်မှာ ချစ်နေ ယုံနဲ့ ပြည့်စုံနေတယ်လို့တွက်ခဲ့ကြတယ်။နှစ်ယောက်ထဲ မပြီးတဲ့ ပေါင်းဆုံခြင်းဆိုတာ နောက်ကျ မှသိခဲ့တဲ့ လောကဝတ်။ အဲဒီအချိန်မှာ အရာရာ အသိတရားတွေနောက်ကျခဲ့ချေပြီ။ဘယ်နတ်ဘုရားတွေ ကျိန်စာတိုက်ကြပြီလဲ မသိ။
(၃)
တနေ့ သူ့မိဘတွေသိသွားတဲ့နေ့။
အဲဒီနေ့ တိမ်တွေအုံးဆိုင်း ကောင်းကင်လျပ်စီးတွေလျပ် အသူရာနဲ့ မာဃသိကြားတို့ စစ်ခင်းနေကြတဲ့ အချိန် ကျွန်တော်တို့ ချစ်သူနှစ်ဦး လည်း ကွဲကွာခဲ့ရတယ်။ဘာမှ မရှိ၊စာယောင်ယောင် ကဗျာယောင်ယောင် သမားနဲ့ တို့ သမီး ကိုမပေးစားနိုင်ဘူးလို့ ပြတ်သားတဲ့ ယောက်ခမ စကားကိုကြားရတာ မာရ်နတ်ဝင်ပူးပြောနေတာထင်ရတယ်။ ငါ့သမီး မင်းနဲ့ တန်သလား၊တူသလား ၊အမဲရိုးက ဟင်းအိုးမှ အားမနာ အလွတ်ကျက်ထားတဲ့ အယူအဆဟောင်း စကားလုံး တွေနဲ့ ပစ်ပေါက်လို့ ခေတ်မှီပါတယ်ဆိုပြီးခေတ်ဟောင်းက မထွက်နိုင်သေးတဲ့ သကာလူး လူ့ယဉ်ကျေးမှု့ တွေကြား အယူအဆ၊ဓနရှင် ခွဲခြားဆက်ဆံခြင်းက မျက်ဝါးထင်ထင်တွေ့လိုက်ရတယ်၊ချစ်ခြင်းမှာ ငွေကြေးလိုအပ် သလား။ တစ်ယောက်နဲ့တစ်ယောက်မေတ္တာစစ်စစ်ထားချစ်မြတ်နိုးခြင်းမှာ စိတ်ချမ်းသာဖို့ အဓိကမဟုတ်လား။
အခုတော့…..
မေတ္တာတရားကို လေလံတင်ရောင်းချသလို ငွေမရှိလို့ သဘောမတူဘူး။မမြင်ရတဲ့ အနာဂတ်ကိုတွေ့မြင်၊အကြားမြင်ရ ပုဂ္ဂိုလ် ဘိုးတော်တစ်ယောက်လို မင်းနဲ့ ငါ့သမီးလက်ထပ်ရင် ငါ့သမီးဆင်းရဲမှာပေါ့ လို့တပ်ကျမတ်ကျပြောလို့ ကျွန်တော် ပြုံးနေလိုက်မိတယ်။ဘုရားဟောဇာတ်တော်ထဲက ဥတေနမင်းရဲ့ သမီးတော်တောင် အချိန်ပြည့်လက်ကိုင်ထားတာတောင် သူ့ချစ်သူနောက်လိုက်ပါသွားသေးတာ။ကိုယ့်ချစ်သူက အချိန်ပြည့်စောင့်ကြည့်တယ်ထားအုံး လက်ကိုင်ထားတာမဟုတ်တဲ့ အတွက် ကျွန်တော် ပြုံးနေမိလိုက်တယ်။ချစ်သူမျက်နှာမငယ်အောင် ဘာတစ်ခွန်းမှ မဆိုမပြောဘဲ ပြောသမျှ ပြုံးလို့နေခဲ့ တယ်။နောက်ဆုံးတော့ ဘယ်လိုမှ သဘောမတူတဲ့ အဆုံးတော့ ချစ်သောသူနဲ့ အတူနီးရဖို့ လူဆိုးမဟုတ်တဲ့ သူငယ်ချင်း တွေနဲ့တိုင်ပင်လို့ ကျွန်တော် ချစ်သူကို ခိုးခဲ့တယ်။ရာဇာဝင်တွေပြည့်နေတဲ့ ပုဂံဆီ။
ပုဂံရဲ့အလှ၊စေတီပုထိုးတွေရဲ့ရာဇဝင် ၊ ပုဂံရာဇဝင်တွေထဲက သူရဲကောင်းတွေရဲ့ အချစ်ပုံပြင်တွေက အိပ်ယာ ဝင်တေးတွေအဖြစ် ချစ်သူကို ပြောပြနေမိခဲတယ်။အပျော်တွေပြန်ပြည့်လာတဲ့ အချစ်ခရီးမှာ သူ့မိဘတွေလိုက်လာပြီး ကျွန်တော် ဇနီးကို ပြန်ခေါ်သွားကြတယ်။ကျွန်တော်တို့ ချစ်သူက မျက်ရည်မျက်ခွက်နဲ့ ကလေးတွေ အရုပ်လုခံရတဲ့အခါ ငိုကြွေးသလို ရှိုက်ကြီးတငင်ငင်နဲ့ဖြစ်လို့။တစ်ဘဝလုံး သိမ့်သိမ့်တုန် လို့။ကျွန်တ်ာကတော့ မျက်ဝန်းထိ ဆန်တက်လာတဲ့ ဒီရေတွေနဲ့ မြစ်ထဲ ငေးငိုင်နေလို့။ ရုန်းကန်ထွက်နေတဲ့ ချစ်သူရဲ့ ခန္ဓာ အတင်းဆွဲခေါ်သွားတဲ့ ယောက္ခမရဲ့ ပုံရိပ် သရပါ တံခါး နားက မြင်ကွင်းက တဖြေးဖြေး ဝေးဝေးသွားတယ်။သူတို့ ရန်ကုန်ပြန်ခေါ်သွားကြပြီင်္လေ။ကျွန်တော်ကတော့ ပုဂံမြေမှာပဲ ဆက်နေဖြစ်ခဲ့တယ်။
ပုဂံဘုရားလာဖူးတဲ့ ချစ်သူစုံတွဲတွေကို ကြည့်ပြီး ပျော်နေတာတွေတွေ့တော့ သူတို့တွေ ပျော်နိုင်ကြပါပေတယ် လို့ မနာလိုတစ်ဝက် အားကျတစ်ဝက်နဲ့ ငေးမောရင်း ချစ်သောသူကို လွမ်းနေရဖြစ်နဲ့ အတိတ်ကံပဲ ပုံချရမလား။ ကိုယ့် ဘဝကိုပဲ အပြစ်တင်ရမလား ဝေဒနာ မကွဲပြားနဲ့ အလွမ်းက တစိမ့်စိမ့် ဖြစ်နေခဲ့တယ်။ တစ်မြေ့မြေ့ လွမ်းနေမိခဲ့တာက ငြိမ်းချမ်းရေးယူဆောင်မယ့် ချိုးဖြူငှက် ပျံသန်းလာဖို့ စောင့်မျှော်နေတဲ့ ကမ္ဘာလို ဘဝက ဘယ်အချိန် ရင်ခွင်ငြိမ်းအေးမလဲ အတွေးနဲ့ လွမ်းမီးတွေ လောင်မြိုက်နေခဲ့သူလေ။တီးဟောက်မှာ မှာတဲ့ လ္ဘက်ရည်တစ်ခွက် သောက်ဖို့ မေ့နေအောင် ငေးရင်း ပင်ယံက သစ်ရွက်လေးတွေ လေအချော့နဲ့မြူးနေ တာကြည့် အတိတ်က သူ့ရယ်သံ မွမွ ကြား ပြုံးခြင်းများပွင့် နေမိခဲ့။လောကဟာ ထည့်တွက်စရာမလိုခဲ့။ တစ်ကိုယ်ရည် လွမ်းခြင်းသာ ဒီရေလို တစိမ့်စိမ့်တက်နေခဲ့တယ်။
ကျွန်တော် တစ်ယောက်ထဲ ကျန်ခဲ့တဲ့ ပုဂံမြေမှာ အလွမ်းတွေ တနင့်တပိုးနဲ့ ကျောခိုင်းထွက်ခွာရမယ် အချိန်လေး မှာ သူနဲ့အတူဖူးခဲ့တဲ့ ဘုရားမှာ လွမ်းစိတ်ကို ဖြေဖို့ အတွင်းအံ့ဘွယ်ကိုးပါး အပြင်အံ့ဖွယ်ကိုးပါး ပြည့်စုံတဲ့ ရွှေစည်းခုံ စေတီကို ဘုရားဖူး ထွက်လာခဲ့တယ်။ဘုရားဖူးရင်း ကျောင်းတုန်းကသင်ခဲ့ရတဲ့ သိင်္ဃသူ့သမီး ဆုတောင်းကို သွားသတိရ နေမိတယ်။ဒါနဲ့ပဲ သိင်္ဃသူ့သမီး ဆုတောင်းသလို ဖြစ်လေရာဘဝ ချစ်သောသူနဲ့ ကွေကွင်းရသောဒုက္ခ၊မချစ်နှစ်သက်သော သူနဲ့ပေါင်းသင်းဆက်ဆံရသောဒုက္ခ မှကင်းလွတ်ရပါစေ၏ လို့ဆုတောင်းဖြစ်ခဲ့တယ်။ဘုရားကန်တော့ပြီးဘုရားစောင်းတန်း က ဆင်းလာရင်း သူငယ်ချင်းဖြစ်သူ မောင်ကျော် အမောတကောနဲ့ ရောက်လာတယ်။အမောဖြေရင်းကျွန်တော်ကို သတင်း စကား ပြောတယ်။ထိုသတင်းကြားရပြီး ကျွန်တော်ကို တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ပေးသလို ခံစားလိုက်ရတယ်။ အလွမ်းကို စိတ်မှာတက်တူးအထိုးခံလိုက်ရတယ်။ကျွန်တော်ချစ်သူသေပြီတဲ့။သူအိပ်ဆေးတွေ အလွန်အကျွံသောက် ပစ်လိုက်တာ တဲ့။ ကမ္ဘာပျက်သလို ခံစားလိုက်ရတဲ့ဝေဒေနာက ကျွန်တော် အရုပ်ကြိုးပျက်သွားသလို ထိုနေရာမှာပုံကျ သွားခဲ့ရတယ်။ နောက်တော့ အရာရာ မဲမှောင်လို့။ဘာမှမြင်နိုင်စွမ်းမရှိဖြစ်နေခဲ့တယ်။
(၄)
ဆယ်စုနှစ်ကျော် မရောက်ဖြစ်ခဲ့သော ပုဂံဆီ အခုပြန်ရောက်လာခဲ့တယ်။အလွမ်းက စိတ်မှာတတ်တူးထိုး ထားတော့ အခု လောကအာနန္ဒာဘုရားကို ဖူးမျော်ပြီး၊မြစ်ကမ်းကနေ တန့်ကြည့်တောင် ဘုရားကို အဝေးက ငေး ကြည့်နေမိတယ်။အဲချိန်မှာ ငှက်ကလေး ပျံတာကစလို့ သစ်ရွက်လေး ကြွေတာအဆုံး နှလုံးသားထဲမှာ အလွမ်းက စီးချင်းလာထိုးနေတော့တယ်။
လောကဓံ အထီးကျန်ကန္တာရ ထဲ အလွမ်းက အိုအေစစ်လေး တစ်ခုလို အနာဖြစ်ပေမယ့် ချော့မြူနေမိခဲ့တယ်။ ရွက်မဲ့တဲ့ လှေငယ် အလွမ်းပင်လယ်ထဲ မြောနေတဲ့ အဖြစ်။ဒီအလွမ်းက ပဲ ဘဝကို အသေသတ်မှာ သိနေတယ်။ မလွန်ဆန်နိုင်တဲ့ နှလုံးသားစေရာ ခံယူသူက ငါ လေ။ရှုံးနိမ့်ခြင်းမှာ ဘုရင် လုပ်နေမိသူပေါ့။အချစ်စစ်တို့ ရဲ့ခံစားချက် ရင်ခတ်ပန်းတွေ သိခဲ့။အင်းကြင်းပန်း တွေ သိခဲ့တယ်။ တစ်စိမ့်စိမ့် ကျလာတဲ့ ကျောက်ဆစ်ရေလို့ ခံစားချက်တွေက တစ်စိမ့်စိမ့်ယိုစီးလို့ လူမသိတဲ့ တောကြီးမြက်မည်းထဲက နန်းတော်။ ရာဇဝင်ဆိုတာ လျှာလိပ်လွဲကြတာပဲလေ။ ခင်ဗျားလည်းလွမ်း နေတာလည်း ပုဂံရာဇဝင်တွေလို ခမ်းနားတာရော မခမ်းနားတာရောပါ လိမ့်ပေါ့။
တကယ်တော့ အလွမ်းက စိမ့်ဝင်တတ်တဲ့ သဘောဆိုတာ ခံစားချက် ပါးလွှာလေ ပိုသိရလေပါ။
ဘဝမှန်သမျှ အလွမ်းက စိမ့်တက်နေတာ ခံနေရသူတွေပေါ့။ဘာပဲဖြစ်ဖြစ် လွမ်းတာ အရသာတစ်ခုပါ။ဘုရားက ဟောတယ် ချစ်တာမှ သံယောဇဉ်မဟုတ်ဘူး၊မုန်းတာလည်း သံယောဇဉ် တဲ့ လေ။သံယောဇဉ်တွေကြောင့် ချစ်ချစ် မုန်းမုန်း လွမ်းဆိုတဲ့ စကားလုံးကို ကုလားဖန်ထိုး ပြောနေကြတာပေါ့။ကြည့်လေ ဟိုကောင် ဘာတွေများလုပ်နေတာလဲ မသိဘူး မမြင်မိလို့မေးတဲ့ စကားဆိုရင် လွမ်းတာကို စကားလုံးပြောင်းပြီး သတိတရပြော တတ်တဲ့ ကြတယ်။မမြင် မမြင်လို့၊မြင်တော့ မြင်လို့ အမျိုးမျိုး စကားလုံး အစာသွင်း လွမ်းခြင်းတွေ ပြောနေကြတဲ့ လောကလေ။အလွမ်း ဆိုတာ ကို အလွမ်းအဖြစ် စစ်စစ်ပြောရဲကြ သူတွေထဲ ငါ ပါနေခဲ့တာကိုက ကံကောင်းသော သူလို့ တွေးရမလား။ရဲရဲ တင်းတင်း လွမ်းနေတဲ့ ရာဇဝင်မဲ့ လူမသိ လွမ်းနေတဲ့သူပေါ့။
အလွမ်း …အလွမ်း…အလွမ်း……ကံတရားက အလွမ်းမှာပဲ ပစ်ချခံရတော့ သူနဲ့အတူဖူးခဲ့တဲ့ ရွှေစည်းခုံဘုရားမှာ ကွေးကွင်းရသောအချစ်နဲ့ ကျန်ရစ်သူအလွဏ်းဒဏ်မှာ သေရာပါတတ်တူး ထိုးခံရသော ဘဝဒုက္ခဆင်းရဲခြင်းမှကင်းလွတ် လို့ ဘဝဆက်တိုင်း အတူပေါင်းဆုံတဲ့ ချစ်သူဘဝဖြစ်ဖို့ရည်စူး သူ့အတွက်အလှူပြုရင်း သိင်္ဃသူ့သမီးဆုတောင်းတဲ့ အတိုင်း ဘဝအဆက်ဆက် ချစ်သောသူနဲ့ကွေးကွင်းရသောသူမဖြစ်ရပါစေနဲ့၊မချစ်မနှစ်သက်သောသူနဲ့ မပေါင်းသင်းရ ပါစေနဲ့ လို့ ဆုတောင်းရင်းမိတယ်။ထို ဆုတောင်းသံနဲ့ အတူ အလိုလို ဆို့နင့်တက်လာတဲ့ အလွမ်းဝေဒနာမြစ်ဟာ ပါးပြင်အထက်မှာ စီးဆင်းရင်း……..။
သိင်္ဂါလှိုင်
လရောင်ပန်တဲ့ ည
"လရောင်ပန် တဲ့ည"
မိုးသားတိမ်သားစိုင် တစ်ချို့ ရွေ့လျားလို့ တိမ်ပန်းချီ ရေးစွဲနေကြတယ်…။ဖြတ်သွားဖြတ်လားနဲ့ လမင်းရဲ့ ရှေ့မှာ သူတို့ အလှပိုမို စွဲမက်ဖွယ်ကောင်းအောင်လို့ လရောင်ကို လှုံနေကြသည်။လမင်းရဲ့ အလင်းဟာ လေပြေထဲ တင်းပြည့်ကြပ်ပြည့် စီးဆင်း၊သစ်ပင်က သစ်ရွက်လေးတွေနဲ့ မြေပြင်ပေါ်က ရွက်ကြွေခြောက်လေးတွေ ပါ လရောင်နဲ့ ရွှဲရွှဲစိုနေတယ်။
ည
ဖိုးလမင်းကြီး သာယာနေတဲ့ ည။
ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ လမင်းရဲ့ အလင်းဟာ ချစ်စိတ်ကို နိုးကြားစေတယ်။
မေတ္တာတရားကို လရောင်နဲ့ ခိုင်းနှိုင်းပြောဆိုကြတယ်။ချစ်သူတွေ တွေ့ဖို့ ချိန်းဆိုကြတဲ့ အချိန်၊ချစ်သူနှစ်ဦး ပျော်မြူးလို့ လမင်းမှာ အကြည့်ဆုံ ရင်ခုန်ကြ တဲ့ အချိန်၊ချစ်ခြင်းတရားရဲ့ အသီးအပွင့်ဖြစ်တဲ့ လွမ်းနေသူတွေ အတွက်လဲ လရောင်ဟာ အလွမ်းဖြေစရာ ဖြစ်ခဲ့တယ်။အခုလဲကြည့်လေ ချစ်ခြင်းတရားကို အသံကုန်ဟစ်ပြီ နှလုံးကွဲခံ ဆိုညီးနေတဲ့ ပုစဉ်ရင်ကွဲလေးတွေ လူလုံးမပြပဲ အသံတွေပဲ ကြားနေရတယ်။
အချစ်စစ်အချစ်မှန်ဆိုတာ ချစ်နေဖို့ပဲ လိုတယ်ဆိုတာ မပြောပဲ ပြောနေသယောင်နဲ့ သဘာဝတရားရဲ့ အဆိုကို သူတို့က အချစ်ဒသန ကို ရွတ်ပြနေကြတယ်။
မေတ္တာတရား ပါတဲ့ အချစ်ဟာ အေးချမ်းခြင်းကို ဖော်ညွှန်းပြနေတယ် လေ။
ဒါကိုပဲ လရဲ့အလင်းရောင်ဟာ ပင်လယ်ကို ရူးသွပ်စေတယ် ပြောကြတယ်။လရောင်ရဲ့ မြူခြင်းကို ခံရတဲ့ပင်လယ် တဲ့။
တကယ်တော့ လရောင်ကြောင့်ရူးတာမဟုတ်ဘူး။ပင်လယ်ဟာ လရောင်ကြောင့် သန်မာလာတာ။ကြီးမြတ်လာတာ။ဒီရေဟာ လရောင်ကြောင့် မရောက်ဖူးတဲ့အရပ်ကို ရောက်ခဲ့ရတာပါ။ဒါကိုနားလည်မှု့လွဲမှားတဲ့ သူတွေကြောင့် လမင်းရဲ့ အလင်း ဟာ နာမည်ပျက်ခဲ့ရတာ။ပင်လယ်ဟာ လရောင်ကြောင့် ပျော်ခဲ့ရတာ လူတွေမသိတဲ့ လျှို့ဝှက်ပုစ္ဆာ တစ်ပုဒ်ဖြစ်ခဲ့ပေါ့……။ချစ်သူတွေ ပျော်ခဲ့ရတဲ့ ည ဟာ ဒီ လရောင်မပါရင်
မပြည့်စုံခဲ့ဘူး။
လရောင်တွေ တင်းပြည့်ကြပ်ပြည့် နဲ့ စီးဆင်းနေတဲ့ လေပြေထဲမှာ အညာဒေသတွေရဲ့ ရနံ့ဖြစ်တဲ့ တမာရနံ့၊သရက်ဖူးရနံ့လေးတွေက တွဲခိုစီးမျောလို့ နေကြပေါ့။နှာသီးအဝမှာ တစ်ချက်တစ် လေအဝှေ့မှာ ဖြတ်သန်းသွားတဲ့ ရနံ့လေး က စိတ်ကို လန်းဆန်းစေလို့လေ။ဘယ်ကို လွမ်းလို့လွမ်းရမှန်းမသိအောင်ပဲ ရွားတောင်ပိုင်းက
လော်စပီကာ အသံချက်စက်က ကိုတင်လှိုင်ရဲ့ ဝေဒနာပြပွဲက တစ်ချက်ချက်ကျယ်လာလိုက် တိုးသွားလိုက်နဲ့ စိတ်ကို ညှို့ယူလို့ လမင်းကို ပဲ ငေးမော့ကြည့်နေမိလိုက်တယ်။
ထုံးဖြူသုတ်လိမ်းထားတဲ့ အရိုးအိုးစေတီလေးက ဆည်းလည်းသံလေးဟာလဲ တစ်ချက်ချက် မြည်လွင့်လာလိုက်တဲ့ အသံဟာ ကာယကံ၊ဝစီကံ၊မနောကံ ပြစ်မှားထားတာရှိ လာတောင်းပန်လှည့်ပါ။ခွင့်လွှတ်ပါတယ် ဆိုတာ မဂ်တားဖိုတား မဖြစ်အောင် လာတောင်းပန်လှည့်ပါ ဆိုသလို အလား စိတ်ထင်မှတ်စေခဲ့တယ်။တရားအားထုတ်လို့ စိတ်နှလုံးအေးချမ်းအောင် လာပြီး တရားထိုင်လှည့်ပါလား ။နိဗ္ဗာန်ရောက်အောင် ရှု့မှတ်ပါလား ပြောသယောင်နဲ့ လရောင်စီးတဲမြစ်အလယ်မှာ သပ္ပါယ်စွာနဲ့ အိနြေ္ဒရရ တည်ကြည့် အေးချမ်းလို့ မြင်သူစိတ်ကို ချမ်းမြေ့အေးချမ်းစေလို့ လေ။
အလင်းတွေ ဖွေးဖွေးလှုပ် အဖြူအမဲ နှစ်ကာလာနဲ့ဆွဲထားတဲ့ ပန်းချီးကားတစ်ချပ်လို သဘာဝ တရား အလှ ပြီးပြည့်စုံနေတဲ့ ည မှာ ကျွန်တော်ရဲ့ အိပ်စက်ခြင်းကို ခိုးယူခံလိုက်ရတယ်…။အိပ်ပစ်လိုက်ရမှာကို နှမြောတသ အဖြစ်နဲ့ စိတ်ကို စွဲဆောင်လို့ နေတယ် ည ပေါ့။
ဒေါသ လောဘ တို့ ကင်းကွာ အေးချမ်းတဲ့ သန္တာရ ရသ အပြည့်အဝ ခံစားနေခဲ့ ရ ည။
ဒီ ညကို လူသေကောင်တစ်ယောက်လို အိပ်စက်ပြီ အချိန်မကုန်ဆုံးစေချင် အမှန်ပါ။စိတ်ဟာ အေးချမ်းကြည်နူးခြင်းနဲ့ လေတဖြူးဖြူး တိုက်ခတ်နေတဲ့ စေတီရင်ပြင်လေးမှာ ပက်လက်လေးနဲ့ ကောင်းကင်းက လမင်းကို ငေးကြည့်ရင်း လရောင်ကို လှုံနေမိခဲ့တယ်။ လရောင်လှုံဆိုလို့ ရှေးပုံပြင်အဖြစ် လူကြီးတွေ ပြောကြားတာ အမှတ်ရနေမိတယ်။လူကြီးတွေ ပြောတာက မနူစာရီ မင်းသမီးလေး တစ်ယောက် အကြောင်းပေါ့။ သူက လရောင်ကို ချိုးတယ်။သူရုပ်ဟာ အမြဲနုပျိုလန်းဆန်းနေတယ်။ ရှေးစကားပုံပြင် အမှတ်နဲ့ ပြောခဲ့တဲ့ဇာတ်လမ်း မဆီမဆိုင် သတိရနေမိလို့ ။ကျွန်တော်လဲ အခုလရောင် ချိုးသလိုနေတော့ ကိုယ်ခန္ဓာများ နုပျိုနေမလား ကိုယ့်ကိုကိုယ် မှန်ထဲ ပြေးကြည့်မိတဲ့စိတ် အတွေးပေါက်လို့ ပြုံးမိလိုက်သေးတယ်။
ကောင်းကင်ပေါ် ကို မော့ကြည့်ရင် စိတ်နဲ့မျဉ်းတွေဆွဲရင် ပုံပေါ်နေတဲ့ ကြယ်တွေမိုးလုံအပြည့် တောက်ပနေကြတယ်။သူတို့ဟာ လရောင်ကို မယှဉ်ပြိုင်နိုင်သိလို့
သူတို့ရှိနေတယ်ဆိုတာလောက်နဲ့ ထွန်းလင်းတောက်ပ ပြနေတယ်။ဂလက်စ်စီခေါ်တဲ့ နို့ရည်စမ်း မြစ်ကြီးက ကောင်းကင်မှာ စီးဆင်း လို့နေတယ်။ ဒီမြစ်ကြီးထဲမှာတော့ကြယ်တာရာတွေဟာ ငါးကလေးတွေလို တိုးလို့ဝှေ့လို့ အပြိုင် ကူးခတ်နေကြလို့ပေါ့။
သဘာဝ တေးသီသံသဲ့သဲ့ အုန်းပင်တွေ ရှိတဲ အရပ်က တေးဆိုလို့
ဘဝ ဟာ မှော်အိပ်မက်ထဲ ဖမ်းစားခံရ လူတစ်ယောက်လို အရာရာ ဟာ လှလို့ ပလို့ ကြည်းနူး နေလို့နေတယ်။
နိုင်ငံရေ အာဏာ လုတာမရှိ။နယ်ရုပ်လေးတွေလို ချကြွေးခံရတာမရှိ။အဃာတ တွေ မရှိ။ရန်လိုခြင်း တွေ မရှိ။မနာလို ခြင်းတွေ မရှိ။စိတ်အပူ ဖြစ်စေမဲ့ အရာ မြူမှုံ တမျှ မရှိ ပဲ နေတဲ့ …ည ပေါ့။
ငြိမ်းချမ်းခြင်းတရားဟာ စကားလုံး တွေရဲ့ပုံဖော်ခြင်းက လွတ်နေတဲ့ ပြယုဒ်လက္ခဏာ။
ဘာသာတရား စစ်စစ် ကို ရှာတွေ့လို ကိလေသာတွေငြိမ်းလို့ နေတဲ့ သူတစ်ယောက်လို
ညဟာ ချိုးဖြူတွေ ပျံသန်မပြပဲ နဲ့ကို စိတ်ကနေ ငြိမ်းနေတာ သိနေတဲ့ ည ပေါ့။
ကျွန်တော် စိတ်ဟာ ဗလာနယ်တစ်ခုလိုဖြစ်နေခဲ့တယ်။လောကကမ္ဘာမြေ မှာ
မတွေ့ခဲ့၊မမြင်ဘူးတဲ့ နေရာ ဒေသ အသစ်တစ်ခုလို သာယာ အေးချမ်းလို့နေတယ်။
ရောက်ခဲ့ တဲ့ နေရာ။ခံစားလိုက်ရတဲ့ ရသ။လရောင်ပန်းတွေ နဲ့ ဝေဝေဆာဆာ ပန်ထားတဲ့ ည။
အိပ်စက်ခြင်းကို မောင်ထုတ် လူအဖြစ်မှာ လူတစ်ယောက်ရဲ့ ည။
ည…စစ်စစ်ကို ခံစားခဲ့ရတယ်။
အရှေ့ ရိုးမ အထက်ကနေ နေရောင်တွေပြိုဆင်းလို့ အုန်းမောင် ခေါက်သံ ကြားချိန်မှာ
ညစစ်စစ်ရဲ့ အလှ လရောင်ပန်ထားတဲ့ ည
ကျွန်တော် ရင်ခွင်က နေ ပြေးထွက်သွားတော့တယ်။
အဒီနေ့ ည ကို ကျွန်တော် ရှာဖွေးနေမိခဲ့တယ်။
ယနေ့အထိ။
ပြီးပြည့်စုံတဲ့ ည
လရောင်တွေ ဖွေးဖွေးလှုပ် ပန်ထားတဲ့ ည
ထို ညကို ယနေ့ထိ မတွေ့ရတော့ပေ။ကျွန်တော့ ဘဝမှာ အိပ်မက်ပမာ ရောက်လာခဲ့တဲ့ ည။လွမ်းဆွေး သတိရရင်း ဒေါသ၊မောဟ၊လောဘ ကမ္ဘာက ထွက်ပြေးသွားတဲ့ ည ကို တမ်းတရင်း စိတ်ဖြေစရာ ပုံပြင်အဖြစ် ပြောပြမိလိုက်တယ် လရောင်ပန်တဲ့ ည အကြောင်းကို………။
သိင်္ဂါလှိုင်
08082014
18:3
