မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
နန်းမြို့ရိုးကြီး
မန်းမူမန်းဟန်ရှိတုန်း
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
ပတ်ဝန်းကျင်ထက် အရပ်ပုပု လာတဲ့
ဈေးချို နာရီစင်ကြီး ရှိတုန်း
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
ဧရာဝတီ မြစ်ကြီး
မြို့နံဘေး ဖြတ်စီးနေတုန်း
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
သုဓမ္မာဇရပ်တန်း
ခြံခတ်ပြီး ဝင်ကြေးမကောက်သေးခင်
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
ကမ္ဘာ့ အကြီးဆုံး စာအုပ် သမိုင်းဝင်အဖြစ်
ကျောက်စာတွေ ထမ်းပိုးထာတဲ့ ကုသိုလ်တော်ဘုရား
ခရေပင်တွေ ရှိနေတုန်း
မန်းလေးကို ပန်းကလေးခေါ်ထားချင်တယ်
ဘုရား လက်ညှိုးထိုးတဲ့ နေရာ
မန်းလေးတောင်
ရွှေထွက် ကြေးထွက် တယ် အပြောမခံရသေးခင်
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
ရွှေတိုင် ရွှေလုံးတွေနဲ့တည်ဆောက်
မြန်မာ့ အနုပညာပြည့်ဝ နေတဲ့ ရွှေကျောင်းကြီးကိုပြဖို့
မန်းလေးကို ပန်းကလေးခေါ်ထားချင်တယ်
ရွှေသင်္ကန်း ကပ်လှူသမျှ
အချိုးကျ သပ္ပါယ်လာ
မျက်နှာတော်ပြည့်ဝလာတဲ့ မဟာမုနိ ရုပ်ပွားတော်ဖူးဖို့
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
ကြီးလေးကြီး သိမ်လေးသိမ်
လေးမျက်နှာ လေးဘုရားနဲ့
ထူးခြားတဲ့ မြို့ကို ပြဖို့
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
ရှည်လျားတဲ့ သစ်သားတံတားနဲ့ ဦးပိန်
မယ်ဇယ်ပင်တွေ နဲ့ တောင်သမန်အင်း
ညနေခင်းမှာလေရှူ သွင်းဖို့
မန်းလေးကို ပန်းကလေး ခေါ်ထာချင်တယ်
မဝေးတဲ့ ခရီး
မြစ်ကမ်းတစ်ဘက်က မင်းကွန်း
မင်းဖြူမှန်မှန်ပြောဆိုတဲ့ ခေါင်းလောင်းကြီးနဲ့ ပုထိုတော် လိုက်ပို့ပေးဖို့
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
မြို့အပြင်က မြို့သစ်နေ
မြို့သား စစ်စစ်တွေ ရှိတဲ့ အရပ်
မန်းသူ/မန်းသာစစ်စစ်တွေ မြင်ဖူးအောင် ပြချင်လို့
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
ထုံးသုတ်တာမဟုတ်ပဲ ဖြူနေတာတွေ
မီးခိုးမှိုင်းစွဲတာမဟုတ်ပဲ မဲနေတာတွေ
မြို့လယ်ခေါင် ဘာသာစကား အသံများ အသွင်ပြောင်း
ဒီအကြောင်းတွေ သိစေချင်လို့
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
------------
--------------
----------------
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်
တကယ်ပါ
အရာအားလုံး ပြောင်းလဲမသွားခင်
ရှေးစကား ရှေးပုံပြင် မဟုတ်ခဲ့တာကို သိစေချင်လို့
မန်းလေးကို ပန်းကလေး ခေါ်ထားချင်တယ်……။
သိင်္ဂါလှိုင်(ကဗျာမြေသား)
20102014
13:06
Posted via Blogaway