" ယုံခဲ့မိတာ ကျမအမှားပါ "
ချစ်ခြင်းတရားမှာ
ဘဝဟာ အဆိပ်သင့်နေခဲ့ရ
ကျော့ကွင်းမမြင်မိတဲ့ သမင်မိုက်လို
ကျမ အလှက ဘဝ ပျက်ခဲ့မိပြီ
စိတ်ချင်းရင်းနှီးမှ လူချင်းတွေ့ရတဲ့ ဘဝမှာ
အရာရာယုံစား မိခဲ့ သူ့စိတ်ထား
ပိရိသေသပ် လိမ်ညာခဲ့သမျှ
နုံအမိတဲ့ ကျမ
မန်ကျည်းကိုးပင် အနှောက်ခံလိုက် အဖြစ်မှာ
ခံစားချက်များ ဆောက်တည်ရာမရ
မပဋာမြေလူး ဇာတ် ကခဲ့ရပေါ့
တစ်ခါသေးဘူး လို့ ပျဉ်ဖိုး သိတဲ့အခါ
အရာရာ ရေစုန်မျောခဲ့
ရိုးသားခဲ့ မိသမျှ
စေတန်ရဲ့ သွေးထိုးလှုံဆော်တဲ့ သစ်သီး
စားခဲ့မိတဲ့အမှား
ဘုရားသခင်ကိုပဲ သူ့နံရိုးကို ပြန်ပေးဖို့ ပြောလိုက်ချင်တော့တယ်
ခွင့်လွတ်လို့ အသစ်မဖြစ်တော့တဲ့ အသိုင်းဝိုင်းမှာ
သိမ်ငယ်သူ အဖြစ်နဲ့
ဆင်ဖြူမျက်နှာ မကြည့်ဝံ့ခဲ့
တစ်ခါဆို တစ်ခါ
မှားခဲ့တဲ့ ကံတရားရေ
ချနင်းသွားတဲ့ မာနတရားမှာ
ဘဝဟာ ပြော့ဖတ်စက္ကူ တစ်စလို
ပြန်ပြီ မပြန့်ပြူ နိုင်တော့ဘူး
တစ်ဘတ်တစ်ထည်လို ခေါင်းပေါင်းခံ နေတဲ့ဘဝက
အချစ်တစ်ခုရဲ့ မေတ္တာကြောင့်
လက်နှီးစုတ် ဖြစ်ခဲ့ရပြီ
တကယ်တော့
ယုန်ကို ယုံလို့ အဖတ်မှားခဲ့တဲ့ ကျမ
ခုန်ထွက်သွားသူတစ်ယောက်အတွက်
သင်္ခန်းစာဆိုတာ ဘဝနဲ့ရင်း သိလိုက်ရတယ်
ကျမ
ယုံခဲ့မိတာ ကျမ အမှားပါ……။ ။
ယုသစ္စာ
Posted via Blogaway
No comments:
Post a Comment