" သင်းကွဲဖြောင့်ချက်"
ငါးစိမ်းသည်မ တစ်ဦးရဲ့ အလေးလို မိနစ်ခြောက်ဆယ် မပြည့်တဲ့ နာရီတစ်လုံးရဲ့ လုပ်အား
ဓါတ်စီးသွားတဲ့ အထုံတွေနဲ့ ကာလတရားဟာ ပျက်ယွင်းနေခဲ့။
အလိုက်သင့် ပေါင်းသင်းမဆက်ဆံတတ် ကိုယ်ကျင့်တရားက သင်းကွဲငှက်တစ်ကောင်ဖြစ်။
တစ်ယောက်ထဲအတွေး တစ်ယောက်ထဲအမြင်ဟာ ဖေါက်ထွက်တာလဲဖြစ်နိုင်သလို
ဂေါက်ကြောင်တာလဲဖြစ်နိုင်တယ်။အသွင်ကွဲတွေရဲ့အစဟာ ဟားတိုက်ခြင်းခံရတာတွေ က
အုတ်မြစ်ဖြစ်ခဲ့။သမိုင်းအသစ်က သွေးထွက်များချွေးထွက်များ စေခဲ့တာ ဓမ္မတာပဲလေ။
ကိုယ့်အတွေးနဲ့ကိုယ် ပြေးအော်မိတဲ့ အာခီမီးဒီးသာ ရယ်စရာဖြစ်တာမဟုတ်ပါဘူး။
အီလက်ထရွန်တွေ ပြေးဖို့ ဖိုတွန်တွေ တိုက်ထုတ်ရတဲ့ ဓါတ်သတ္ထုတိုင်းဟာ Hole ဆိုတဲ့ အပေါက်လေးတွေ ရှိကြတာပဲ။ဒါတွေဟာရူးသွပ်ခြင်းတွေက စလာတဲ့ အကျိုးအမြတ်များပေါ့။လမ်းက အမြဲ ရှိနေခဲ့တာ။အမြင်မသိတဲ့ လမ်းများကတော့ တိမ်တိုက်တွေထဲ ကိုယ်ရောင်ဖျောက်နေ။သိသူတွေ ဖော်ခဲ့ကြတယ်။မသိသူတွေ ပျောက်ကွယ် ခဲ့ကြ။သမိုင်းကတော့ သမိုင်းအလုပ်သမိုင်း လုပ်ဆောင်နေခဲ့တယ်။
မျှော်လင့်ချက်၊အိပ်မက်၊ဖြစ်ချင်မှု့၊စိတ်ကူး စသည့် အနာဂါတ်မျှော် ဝါဒတွေရဲ့ မြေသြဇာ
စကားလုံးများဖြစ်ကြပြီး တွန်အားတစ်ခုဆိုလဲ မမှားခဲ့ဘူး။ပြောချင်တဲ့ ပါးစပ်ကတော့ ပြောနေမှာ။မတားနဲ့ ဘာဖြစ်ဖြစ် တားမနေနဲ့။ အချိန်ကုန်တယ် အာရုံ ပျက်ပြားစေတယ်။ထားလိုက်ပါ။ဒီလို ကိုယ့် ဗီတာမင်ကို ကိုယ်ကျွေးပြီး ရှေ့ဆက်ခရီးကို
မီးထိုးပေးနေခဲ့တယ်။ ပုံပြင်တွေ ဆိုတာ တကယ်ဖြစ်ခဲ့ ဘူးတဲ့အရာတွေပါ။ဖြစ်မလာတဲ့ အရာကို လက်ဆင့်အမွေပေးခဲ့တဲ့ အရာလဲ ဖြစ်တယ်။မထူးခြားခဲ့ စကားလုံးဟာ ထူးခြားခြင်းကို အကျိုးပြုဖို့ အစပျိုးခဲ့တာ။အားမလျော့နဲ့ ။ ဒီလို ဒီလို အပြောနဲ့
သင်းကွဲ အတွေးနဲ့ ကုက္ကိုရွက်တွေလို အစိမ်းလဲ ကြွေ၊အခြောက်လဲကြွေ စကားလုံးတွေနဲ့
ပစ်ပေါက်နေတဲ့ ရက်စွဲများ များများ လာခဲ့။အချိန်တွေလဲ မိနစ်ခြောက်ဆယ် မပြည့်ခဲ့။တိုင်းတာတွေ ပေတံတွေလဲ လက်မတွေအစား စင်တီမီတာတွေ အစားထိုးလို့
အရေ တွက်တွေ ပိုလာခဲ့။ဇင်ဘာတွေလို ပေါင်မုန့်တစ်လုံး ကို သန်းချီ ပေးဝယ်စားနေတဲ့ ကုဋေကြွယ် သူဌေးများ ကမ္ဘာ့ အမွဲ ဆုံးတွေ လို ဖြစ်နေခဲ့ရ။ နှိုင်းရတရားဟာ စိတ်ကို လှည့်စားရင်း အထက်နဲ့အောက် စိတ်ပြေးကစားလို့ ယှဉ်ကြည့်ရင်း စိတ်တွေ ဂရပ်မျဉ်းတွေလို လှိုင်းတွန့်တောင်တန်းများဖြစ်နေခဲ့။ ဒါမျိုးကို မလိုလားတဲ့ သင်းကွဲတစ်ယောက်ရဲ့ ဖြောင့်ချက်လဲ ဖြစ်မယ်။ ဖြစ်ချင်မှလဲဖြစ်မယ်။စိတ်ရူးတစ်ယောက်ရဲ့
လေပျို့သံများလဲ ဖြစ်နိုင်တယ်။သင် ဘယ်လို ထင်ထင်ပါ။ဒါ စိတ်အာသာပြေ တစ်ခွက်တစ်ဖလား အချိန်မှာ ရေးခဲ့တာ မဟုတ်တာ သေချာခဲ့ပေါ့။
သိင်္ဂါလှိုင်(ကဗျာမြေသား)
15102014
11:20
Posted via Blogaway
No comments:
Post a Comment