ချစ်ခြင်းအားဖြင့် အားတင်းထားပါ
-----------------------------------------------------
ခွဲစိပ်ခန်း ဝင်ရမယ့် လက်တစ်ဖက်အတွက်
အားပေးမယ့် လက်တစ်စုံဟာ
ကြေကွဲနေရတယ်။
အချစ်ကလွဲ အရေးမကြီးဘူး ခံယူချက်နဲ့
ချစ်သူနှစ်ဦးက
အချစ်တွက် ငွေကြေးနဲ့သတ်ပုတ်ရတာ
ဘယ်လောက်ရင်နာဖို့ကောင်းလဲ။
တွေးကြည့်။
ခပ်သော့သော့ ပြုံးလိုက်ရတဲ့ရင်ထဲ
အားမငယ်ဖို့ပဲ အားပေးနေလိုက်ရတဲ့ လက်တစ်စုံပေါ့။
အတူတွဲတဲ့လက်က
အလွမ်းတွေ ဆုပ်ကိုင်ထားလို့
နိုင်ငံတစ်ခုတည်းမှာပဲ
မြို့ဝေး
ရွာဝေး။
ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြန်ရစ်ကြည့် ကြည်နူးမိသလို
အတူနေ ရက်စွဲအချို့ကို ပြန်းတွေး
ဖြေသိမ့်ရင်း
အချစ်နဲ့ဘဝ တစ်ထပ်ထဲကျဖို့
အနာဂတ် အိပ်မက်ကို ဆက်မက်ခဲ့ကြ။
တစ်ယောက်လက်တစ်ယောက်
ဆွဲဆွဲမြဲ ဖမ်းဆုပ်ကိုင်တွဲ လက်တွေမြဲအောင်
တဒင်္ဂအဝေးကို ချကျွေးရင်း
အလွမ်းကြိုးနဲ့ ချမျှားပေးခဲ့ကြတာ
ခုတော့
အရေပေါ်ဖြစ်လာတဲ့ လက်တစ်ဖက် ခွဲစိပ်ခန်းအဝင်
အားပေးမယ့် လက်တစ်စုံက ခရီးလွန်းနေခဲ့တယ်။
ကျယ်ပြန့်တဲ့ လေလှိုင်းထဲမှာ
မင်း အသံကို မျှားယူနေရတဲ့ လက်တစ်စုံဟာ
သောကတွေဖုံးလို့ ဟန်ဆောင်အပြုံးနဲ့
အားပေးစကားကို အတွင်တွင်ပြောနေမိတယ်။
ပန်းစိုက်တဲ့ လက်ဟာ
ပန်းပင်ကို အဆိပ်မသင့်သလို
ကိုယ်ချစ်တဲ့ မေတ္တာဟာ မင်း ကျန်းမာပါစေလို့
သစ္စာစူးနက် ကတိစကားက
ခွဲစိတ်ခန်းဝင်မယ့် လက်တစ်ဘက်ရဲ့ရောဂါ
ပျောက်ကင်းသွားမှာပါ။
အဆိုးတွေ ပြီးရင် အကောင်းတွေရောက်လာမယ့်
အဆိုးအကောင်း ဒွန်းတွဲနေတဲ့ ဒင်္ဂါးပြားဟာ
ဘယ်တော့မှ ခေါင်းအမြဲမကျပါဘူး
တစ်ချိန်တော့ ပန်းအလှည့် ပေါ်လာမှာပါ။
အဓိကနဲ့ သာမညကို ဝေဖန်ပိုင်းခြားလို့
ဖြစ်သင့်တာ ဦးစားပေးနေကြရင်တဲ့ မေတ္တာမှာ
အလွမ်းတွေ ခူးဆွတ်ရင်း
ဘဝကို တန်ဖိုးရှိစွာကိုယ်တို့ တည်ဆောက်ကြမယ်။
ခုတော့
အဝေးရောက်နေတဲ့ လက်တစ်စုံ
နွေးထွေးဆုပ်ကိုင်မထားနိုင်တဲ့ ဘဝ
အဝေးက ကျန်းမာပါစေ လို့ ဆုတောင်းနေမိတယ်။
အမြန် ကျန်းမာပါစေ
ချစ်ခြင်းအားဖြင့် အားတင်းထားပါ ချစ်သူ။
သိင်္ဂါ လှိုင်
Monday, August 22, 2016
ချစ်ခြင်းအားဖြင့် အားတင်းထားပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment