Friday, April 8, 2016

နေပူပူထဲ

နေပူပူထဲ
=====

ကိုယ်တိုင် နေပူပူထဲ ရပ်
အရိပ်တွေ ဝေပေးနေတဲ့ သစ်ပင်
ယုတ်လတ်မြတ်မရွေး အားလုံးကို ကြမ်းတပြေးထဲ ထားလို့

စွန့်လွတ်ခြင်းကို အစွမ်းကုန်ဖူးပွင့်ပြနေတယ်။

ရာဇဝင်ခေတ်အဆက်ဆက်
သစ်ပင်ဆိုတာ
အသီးသီး အရိပ်ဝေပေးတာ
သူတို့မျိုးရိုး အစဉ်အဆက်ရဲ့ ပုံရိပ် တစ်ခု။

လ္ဘက်ရည်ဆိုင်ထိပ်က သစ်ပင်ကို ငေးကြည့်
အတွေးတစ်စ ငေးမောတုန်း

ခင်ဗျား သစ်ပင်တွေလောက် အကျိုးပြုသလား
အရူးတစ်ယောက်က မေးတယ်။
အဖြေမပေးနိုင်သေးခင်
ခင်ဗျား သစ်ပင်တွေလောက် ရိုးသားသလား
ထပ်ဆင့် မေးတယ်။
ကျုပ်ကတော့ သစ်ပင်တွေ လိုမလုပ်နိုင်လို့
ရူးသွပ်ခြင်းမှာ ရိုးသားနေတယ်
ပြောချင်ရာပြော မေးချင်ရာမေးပြီး
နေပူထဲ ပြေးထွက်သွားတယ်။

ကိုယ့်မှာသာ သစ်ပင်ကို ငေးကြည့်
အမေးတွေ ကို တွေးကြည့်
နေပူပူထဲ အဖြေမဲ့လို့

နောက်ဆုံး
အရူးပြေးထွက်သွားတဲ့ လမ်းထဲ
ပြေးလိုက်သွားတော့တယ်။

သိင်္ဂါ လှိုင်


No comments:

Post a Comment