"ပန်းကလေး သိစေရန် (၃)"
ပန်းကလေးရေ
လောကမှာ ပြောပြရင်
တစ်ထောင့်တစ်ည မဆုံးတော့ဘူး
ပန်းကလေး
စိတ်ကူးနဲ့ လက်တွေ့ တစ်ထပ်တည်းမကျ
အထင်နဲ့အမြင်ဆိုတာ ခြားနေတတ်တော့
ပြောတဲ့စကား ချင့်ယုံလို့
နောက်ကြောကဓါးထက်
သူခိုးဓါးကမ်းတာ ပိုကြောက်ရတယ်။
ပန်းကလေး
ခေတ်ကိုက ဘေးကြပ်နံကြပ်
အသက်မဲ့ မျက်နှာသေတွေနဲ့
အရာရာ စက်ရုပ်ဆန်
မေတ္တာဆိုတာ လူရွှင်တော်ဆိုတာပဲသိ
အရာရာ မေ့ပစ်နေတဲ့ခေတ်
ကလေးတစ်ယောက်လို
တခေတ်ခေတ် ပဲ ရယ်ချင်မိတယ်။
ပန်းကလေး
အချစ်နဲ့စစ်
ဘယ်လိုပင် ဖြစ်ဖြစ်
အနည်းဆုံးတော့ ကန်ရေပြင် သစ်ရွက်ကျသလို
ကယက်လေးတော့ ထစမြဲပါ။
(ဘာမှမဖြစ်ဘူးတော့မဟုတ်ဘူး)
ပန်းကလေး
အကြောင်းမကောင်းလို့
အရွေ့ခံ နှလုံးနဲ့ နာကျင်
ခံစားသူ စစ်စစ်ဖြစ်တော့
ဒဏ်ရာဆိုတာ သေရာပါတတ်တဲ့ အမာရွတ်ပါ။
ပန်းကလေး
လောကအကြောင်း ဝလုံးတောင်
ဝိုင်းအောင်မရေတတ်တော့
မင်းရဲ့အဘိဓမ္မာတွေနဲ့ ရှုံးချ
ငါပြောသမျှ ခြင်းကျားနဲ့ရေခတ်သလို
တင်ကျံမှုဆိုတာ ဗလာနတ္ထိဖြစ်ခဲ့ရပေါ့။
ပန်းကလေး
မင်းအတွေးနဲ့ မင်းအိပ်မက်
မင်းရရှိတဲ့လောက
မင်းဘဝ သာယာပါစေ ဆုတောင်းရင်းနဲ့
အဝေးတနေရာက ကျေနပ်နေသူပါ။
သိင်္ဂါလှိုင် (ကဗျာမြေသား)
Posted via Blogaway
No comments:
Post a Comment